Wednesday, November 21, 2012

"Ellakandura တောရကျောင်းသို့ အလည်တစ်ခေါက်"

နာယကဆရာတော် ဦးဇောတိက အားပေးကူပံ့မှုကြောင့် Ellakandura တောရကျောင်းသို့ အလည်တစ်ခေါက် ရောက်ဖူးခဲ့ရပါသည်။ 07-11-2012 နေ့၊ နံနက် (၆:၂၀) နာရီတွင် ကိုလံဘို (Colombo) မှသည် မတရ (Matara) မြို့သို့ ဆရာတော် ဦးဇောတိကနှင့် ထွက်ခွါခဲ့ကြ၏။ (၅) နာရီမျှ စီးရမည့် ခရီးအတွက် ကားခရူပီး ၂၇၅ရူပီး စီပေးရလေသည်။ ကိုလံဘိုမြို့သည် သီရိလင်္ကာနိုင်ငံ၏ အနောက်ဘက်စူးစူး ပင်လယ်ကမ်းထိပ်တွင် တည်ရှိ၏။ မတရမြို့သည် သီရိလင်္ကာနိုင်ငံ၏ တောင်ဘက်စူးစူး ပင်လယ်ကမ်းထိပ်တွင် တည်ရှိ၏။ ကိုလံဘိုမှ မတရသို့ ပင်လယ်ကမ်းနားအတိုင်း ဖောက်လုပ်ထားသည့် ကျွန်းပတ်လမ်းမှ သွားရသည်။ ထို့ကြောင့် အနောက်ဘက်မှ တောင်ဘက်တစ်ခို ပင်လယ်ကမ်းထိပ်ထိုထိုရှိ အမြို့မြို့ အရွာရွာကို ဖြတ်သန်းရင်း၊ ပင်လယ်လေကိုရှူရှိုက်ခွင့်၊ လှိုင်းလုံးကြီးများကို ငေးမောခွင့်ရခဲ့လေသည်။ ထိုနေ့ နံနက် (၁၁:၀၀) ခန့်တွင် မတရ (Matara) မြို့ကားဂိတ်ကြီးသို့ ဆိုက်ရောက်ကြလေသည်။

 Matara မြို့၊ ပင်လယ်ကမ်းစပ်ရှုခင်း
မတရမြို့မှသည် ကကန်ဒုရ (Kakandura) ရွာကလေးသို့ လိုင်းကားတစ်ဆင့် ထပ်စီးကြရ၏။ မိနစ် (၂၀) မျှစီးကြရပြီးလျှင် တောရကျောင်းတည်ရှိရာ ကကန်ဒုရရွာကလေးသို့ ရောက်ရှိကြလေသည်။ လိုင်းကားမှ ဆင်းပြီးနောက် တောလမ်းအတိုင်း ခြေလျင်လျှောက်လာခဲ့ကြ၏။ ဤတောရကျောင်းသို့ နှစ်ကြိမ် တိုင်တိုင်ရောက်ဖူးသော ဆရာတော် ဦးဇောတိက ကိုယ်တိုင် မေတ္တာကြီးစွာဖြင့် လိုက်ပို့သည်ဖြစ်ရာ လမ်းခရီးအမှားအယွင်းမရှိပဲ နေ့လည် (၁၂:၀၀) နာရီတိတိတွင် တောရကျောင်းသို့ ဆိုက်ရောက်ကြလေသည်။

ဆွမ်းစားကျောင်းသို့ ဝင်လိုက်လျှင် ကိုရင်ကြီးတစ်ပါးနှင့် ဦးဇင်း သုံးလေးပါးကို တွေ့ကြရလေသည်။ သူတို့သည် ဆရာတော် ဦးဇောတိကနှင့် ဝမ်းသာအားရနှုတ်ဆက်ကြပြီးလျှင် "ဆွမ်းစားပြီးခဲ့ကြပြီလော"ဟု မေးမြန်းကြလေသည်။ ဆွမ်းမစားခဲ့ကြရသေးကြောင်း ပြောပြကြသောအခါ “ဆွမ်းချိန်လွန်သွားပြီ၊ ဖျော်ရည်ကပ်ပါမည်” ဟုဆိုကာ သီးနှံများကို ဖျော်ပြီး ဆက်ကပ်ကြလေသည်။ မှတ်မှတ်ရရ ထိုနေ့က နေ့ဆွမ်းတစ်ထပ် ငတ်ခဲ့ကြလေသည်။

  တောရကျောင်းသို့ သွားသော တောလမ်းကလေး

ချစ်စရာ့ သီရိလင်္ကာ သြကာသ 

စာရေးသူတို့နှစ်ပါး ဖျော်ရည်သောက်ပြီးကြသောအခါ ဦးဇင်း ကိုရင်များ အနီးအပါးရောက် လာကြလေသည်။ သင်္ကန်းလေးတွေကို လက်ကတော့ထိုးရင်း၊ နေကထိုင်လေးတွေကို ခင်းရင် “သြကာဆ ဝန္ဒာမိ” ဟု ပြောကြလေသည်။ ပြီးလျှင် ဆရာတော် ဦးဇောတိကဘက်ကို လက်အုပ်ချီ၍ သူတို့ရိုးရာ သြကာသ ကန်တော့ချိုးဖြင့် အကျအနရှိခိုး ဦးချကြလေသည်။ ဆရာတော် ဦးဇောတိက ကလည်း ပြန်ပြန်ထောက်ပေးသည်ကိုတွေ့ရ၏။ နာယကဆရာတော် အရှင်ဇောတိက ပြီးလျှင် “သြကာဆ ဝန္ဒာမိ” ဟုဆိုကာ မိမိဘက်သို့ လှည့်လာကြ၏။ သိက္ခာဝါတော်အရေအတွက်ကို မေးမြန်းပြီး မိမိထက် ငယ်ကြောင်း သေချာသောအခါမှ ရှိခိုးခံရလေသည်။ သူတို့ဆိုသွားသည့် သြကာသကို နားလည်တစ်ချက်၊ မလည်တချက် ရှိ၏။ ဆရာတော် ဦးဇောတိကကဲ့သို့လည်း အပြန်အလှန် မထောက်မပေးတတ်။ ထို့ကြောင့် ထိုအကြိမ်က ဒီအတိုင်းပင် တိတ်တိတ်ဆိတ်ဆိတ်နေကာ ကန်တော့ခံ ဖြစ်ခဲ့လေသည်။ နောင် သုံးလေးရက် ကြာသောအခါမှ ဦးဇင်းတစ်ပါးကို ခေါ်၍ သူတို့၏ "သြကာသ ကန်တော့ချိုး" ကို ဖြည်းဖြည်းသက်သာ ရွတ်ဆိုခိုင်းပြီး စာဖြင့် လိုက်မှတ်ရလေသည်။

အပြည့်အစုံရသောအခါမှ သီရိလင်္ကာတွင်လည်း ဤလို ချစ်စရာကောင်းသော သြကာသ ကန်တော့ချိုးမျိုး ရှိနေကြောင်း သိရလေတော့သည်။ မှန်၏။ သီရိလင်္ကာသြကာသ ကန်တော့ချိုးသည် မြန်မာပြည်က သြကာသကန်တော့ချိုးလောက် မခန့်ညားဟု ဆိုလိုက ဆိုနိုင်သော်လည်း သူ့နည်းသူ့ဟန်ဖြင့်မူ တနည်းတဖုံ ချစ်စရာကောင်းနေသည်ကတော့ အမှန်ပင်ဖြစ်လေသည်။ သူတို့၏ သြကာသကန်တော့ချိုးထဲတွင် အပြန်အလှန် အမျှဝေမှုသဘော၊ အမျှဝေရန်တောင်းဆိုမှုသဘော၊ တစ်ဦး၏ကောင်းမှုကို တစ်ဦးက ဝမ်းမြောက်နုမော် သာဓုခေါ်သည့်သဘော၊ အပြစ်ကြီးငယ်ကို အပြန်အလှန် ဝန်ချတောင်းပန်သည့်သဘော၊ အပြန်အလှန် ခွင့်လွှတ်သည့်သဘောများ အပြည့်အစုံ ပါဝင်နေလေသည်။ (စာရှုသူများ နားလည်လွယ်စေရန် မြန်မာလိုပါ ယှဉ်တွဲဖော်ပြပါမည်..။)

အငယ်။ ။ သြကာသ ဝန္ဒာမိ ဘန္တေ - ခွင့်ပြုတော်မူပါ၊ ရှိခိုးပါ၏ အရှင်မြတ်ဘုရား။ 
အကြီး။ ။ သုခီ ဟောတု - ချမ်းသာပါစေ။

အငယ်။ ။ မယာ ကတံ ပုညံ သာမိနာ အနုမောဒိတဗ္ဗံ - တပည့်တော်ပြုအပ်သည့် ကောင်းမှုကို အရှင်မြတ်ဘုရား ဝမ်းမြောက်တော်မူသင့်ပါ၏ (သာဓုခေါ်တော်မူသင့်ပါ၏)။ 
အကြီး။ ။ သာဓု သာဓု အနုမောဒါမိ - သာဓု သာဓု၊ ဝမ်းမြောက်ပါ၏။


အငယ်။ ။ သာမိနာ ကတံ ပုညံ မယံ ဒါတဗ္ဗံ - အရှင်မြတ်ပြုအပ်သည့် ကောင်းမှုကိုလည်း တပည့်တော်ကို ပေးဝေတော်မူသင့်ပါ၏။ 
အကြီး။ ။ သာဓု အနုမောဒိတဗ္ဗံ - ကောင်းလှပါပြီ၊ ဝမ်းမြောက်တော်မူပါ (သာဓု ခေါ်တော်မူပါ)။ 
အငယ်။ ။ သာဓု သာဓု အနုမောဒါမိ ->> သာဓု သာဓု၊ ဝမ်းမြောက်ပါ၏။

အငယ်။ ။ သြကာသ ဒွါယတ္တယေန ကတံ သဗ္ဗံ အစ္စယံ ခမထ မေ ဘန္တေ - ခွင့်ပြုတော်မူပါ၊ ကံသုံးပါးဖြင့် ကျူးလွန်မိသမျှ အပြစ်အားလုံးကို သည်းခံတော်မူပါ အရှင်မြတ်ဘုရား။ 
အကြီး။ ။ ခမာမိ၊ ခမိတဗ္ဗံ - သည်းခံပါ၏၊ ငါ့အပြစ်များကိုလည်း သည်းခံပါလေ။ 
 အငယ်။ ။ သာဓု သြကာသ ခမာမိ ဘန္တေ - ကောင်းပါပြီ၊ ခွင့်ပြုတော်မူပါ၊ သည်းခံပါ၏ အရှင်မြတ်ဘုရား..။

ရှုပါ။ မည်မျှ ချစ်စရာကောင်းသော သြကာသကန်တော့ချိုးပါနည်း။ စင်စစ် စာရေးသူသည် ၂၀၁၀ တုန်းက နှစ်လုံးပေါက်မျှ တစ်ကြိမ်၊ ယခု ၂၀၁၂ တွင် တစ်ကြိမ် သီရိလင်္ကာတွင် နေထိုင်ခွင့်ရ၏။ သို့ရာတွင် ဤမျှ ချစ်စရာကောင်းသော သြကာသ ကန်တော့ချိုးမျိုး ရှိနေမှန်း Ellakandura တောရကျောင်း သို့ ရောက်သောအခါမှ သိရှိခွင့်ရခဲ့လေသည်။ လာရကျိုး ရှိပေပြီ။

 (၁၀) ရက်ခန့် နေမည် 

ထို့နောက်တွင် ဆရာတော်ဦးဇောတိကက စာရေးသူကို လက်ညှိုးညွှန်လျက် “ဤအရှင်သည် မိမိ၏ classmate ဖြစ်ကြောင်း၊ ဤတောရတွင် (၁၀) ရက်ခန့် နည်းခံနေထိုင်မည်ဖြစ်ကြောင်း ၊ တောရကျောင်းဆရာတော်အား ခဏ လျှောက်ထားပေးကြစေလိုကြောင်း၊ သူ့အနေဖြင့်မူ အလုပ် များလွန်း၍ ပြန်ရမည်ဖြစ်ကြောင်း၊ မိမိ၏ သူငယ်ချင်းအား စောင့်ရှောက်ပေးကြစေ လိုကြောင်း” ပြောဆို မိတ်ဆက်ပေးလေသည်။ သူတို့က “စိတ်ချပါ၊ အတတ်နိုင်ဆုံး ကူညီပါ့မည်” ဟု ရွှင်ရွှင်ပျပျ ပြန်လည် ပြောဆိုကြလေသည်။

ဆရာတော်ဦးဇောတိကက “လာပါ၊ နေရာလေးတွေကို လိုက်ပြထားခဲ့ပါမည်” ဟုဆိုသဖြင့် ဆွမ်းကျောင်းမှထွက်ကာ စေတီတော်၊ ဗောဓိပင်များရှိရာဖက်ဆီသို့ ထွက်ခွါလာ ခဲ့ကြလေသည်။ စေတီတော်ရင်ပြင် အောက်ဆင့်သို့ လှမ်းတက်လိုက်လျှင် အဖိုအမ ပကတိ လူ့အရိုးစု တစ်စုံကို မှန်အုတ်တိုက်ကလေးတွင် ထည့်သွင်းချိတ်ဆွဲ ပြသထားသည်ကို တွေ့ရလေသည်။ (နောင်သိရသည်မှာ ထိုအရိုးစုအစုံသည် ဇနီးမောင်နှံနှစ်ဦး၏ အရိုးစုများဖြစ်ပြီး ဆရာဝန်တစ်ဦးက လာရောက်လှူဒါန်းထားကြောင်း သိရပါသည်။)



ထိုမှ ရှေ့ကိုဆက်တက်လျှင် ဗောဓိပင်၊ တရားထိုင်ရာနေရာနှင့် စေတီတော်တို့ကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရလေသည်။ စေတီတော်မှ ရှေ့ကို ဆက်သွားလျှင် ဘုရားကျောင်းဆောင်တော်ကြီးသို့ ရောက်ရှိပြီး အတွင်းဖက်တွင် ကြည်ညိုဖွယ်ရာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွါးတော်မြတ်တစ်ဆူကို ဖူးတွေ့ ရလေသည်။ ကျောင်းဆောင်တော်ဘေး တွင်မူ ရောင်စုံပန်းပင် ကလေးများကို စိတ်ကြည်နူး ဖွယ်ရာ တွေ့မြင်နိုင်လေသည်။

 ကျောင်းဆောင်နံပါတ်- ၂၅



 စေတီတော်ဖက်မှ ပြန်ဆင်းလာကြသောအခါ ဦးဇင်းလေး ၂ ပါးက “လိုက်ခဲ့ပါ၊ နေရမည့်ကျောင်းဆောင်ကို လိုက်ပို့ပါမည်” ဟုဆိုပြီး အဆောင်နံပါတ် (၂၅) ကို လိုက်ပို့ကြလေသည်။ ဆရာတော် ဦးဇောတိကက "သူလည်း ဤအဆောင်၌ပင်နေခဲ့ရကြောင်း၊ အင်မတန်ကောင်းကြောင်း၊ မပျင်းမရိ မိမိရည်မှန်းသည်ကို ကြိုးစားရယူပါမည့် အကြောင်း" တို့ကို အားပေးမိန့်ကြားတော်မူလေသည်။ ဦးဇင်းလေး (၂)ပါးက "ညနေဘက်တွင်မှ တောရကျောင်း ကျောင်းထိုင်ဆရာတော်ထံ လိုက်ပို့ပေးပါမည်"ဟု ဆိုကြလေသည်။

ဤသို့ဖြင့် နေ့လည် (၂:၀၀) နာရီထိုးလု နီးလာသဖြင့် (၅)နာရီမျှကားစီးရသော ခရီးဝေးကို ပြန်ကြွရမည့် ဆရာတော်ဦးဇောတိကလည်း ပြန်ကြွရန် ပြင်ဆင်တော်မူလေသည်။ ဆရာတော်နှင့် ဒေသနာ ကြားပြီးနောက် တောလမ်းကလေးအစပ်သို့ ပြန်လည် လိုက်ပို့ရလေသည်။ တောစပ်သို့ရောက်သောအခါ ဤမျှဝေးလံသော ခရီးကို မငြီးမငြူ ကြည်ဖြူရွှင်လန်းစွာ လိုက်ပို့ရှာသော နာယကဆရာတော် ဦးဇောတိက၏ ကလျာဏမိတ္တပီသမှု၊ မေတ္တာစေတနာကြီးမားမှုတို့ကို နှလုံးသွင်းရင်း လက်အုပ်ချီ နှုတ်ဆက် လိုက်ရလေတော့သည်။

 (တောရကျောင်းမှ ချစ်စရာ့ဓလေ့ အမွေအနှစ်များကို ဆက်လက် ဝေမျှပါဦးမည်)

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)

No comments: