Showing posts with label ခရီးသွားဆောင်းပါး. Show all posts
Showing posts with label ခရီးသွားဆောင်းပါး. Show all posts

Tuesday, December 11, 2012

Ellakandura တောရကျောင်းသို့ အလည်တစ်ခေါက် (၃)

နံနက် (၈း၀၀) နာရီ တိတိ၊ အုန်းမောင်းသံကြားရလျှင် စုပေါင်းတရားအားထုတ်ရာ နေရာရှိ တရားထိုင်ရာ၌ အသုံးပြုသော ခြင်ထောင်ငယ်ကလေးများကို ခေါက်သိမ်းပြီး၊ ဆွမ်းခံကြွရန် ပြင်ဆင်ကြရလေသည်။ ပြင်ဆင်ရန်အချိန် (၅) မိနစ်ခန့်သာ ရတတ်သည်ဖြစ်ရာ၊ တရားအားမထုတ်မီ အစောကြီးကတည်းက သပိတ်ကို ရေဆေးပြီး ဆွမ်းစားကျောင်း၌ အရန်သင့် ပြင်ဆင်ထားခဲ့ကြရသည်။ ဆွမ်းကျောင်းသို့သွား၊ သင်္ကန်းရုံ၊ သပိတ်ကိုယ်စီလွယ်ပြီး ဆွမ်းကျောင်းရှေ့ရှိ မြေကွက်လပ်တွင် ဝါစဉ်အလိုက် စီတန်း၍ ငြိမ်သက်စွာ ရပ်တန့်နေကြသည့် သံဃာတော်များကို ကြည့်ရသည်မှာ အေးချမ်းလွန်းလှပါသည်။

မှန်ပါ၏၊  သံဃာတော်များ၏ သဘောမှာ သာမန်အခါထက် ဆွမ်းခံကြွရန် ပြင်ဆင်ချိန်၊ ဆွမ်းခံကြွချိန်တို့တွင် ဒကာ-ဒကာမများအပေါ် မေတ္တာပို့သခြင်းအမှု၊ ကာယိနြေ္ဒ၊ စက္ခုနြေ္ဒ စသည်တို့ကို စောင့်ထိန်းခြင်းအမှုတို့ကို တိုးတက်၍ သတိထားလေ့ရှိတော်မူကြသည်သာ ဖြစ်လေသည်။ ထို့အပြင် တစ်နာရီ၊ တစ်နာရီခွဲဆိုသလို လောလောလတ်လတ် တရားအားထုတ်ခဲ့ကြရာမှ ကြွလာတော်မူကြသည် ဖြစ်သည့်အလျောက် သမာဓိအရှိန်အဝါ အနည်းနှင့် အများပါလာကြသည်နှင့်လည်း သက်ဆိုင်လိမ့်မည် ထင်ပါသည်။

ဆွမ်းခံကြွတော်မူကြခြင်း

၅ မိနစ်ခန့် စောင့်ဆိုင်းပြီး ဆရာတော်ကြွရောက်လာသည်နှင့် ဆွမ်းလောင်းဓမ္မာရုံ ရှိရာသို့ စီတန်းကြွတော်မူ ကြပါသည်။ ဆွမ်းလောင်းဓမ္မာရုံသည် ဆွမ်းစားကျောင်းနှင့် မနီးမဝေး၊ ခြေလှမ်း ၆၅၀ ခန့်စာမျှ အကွာတွင် တည်ရှိသည်။ ထိုမျှအကွာအဝေး ရှိသည့်အပြင် သစ်ပင် တောတောင်များကာဆီးထားသည် ဖြစ်ရကား ဆွမ်းလောင်းဓမ္မာရုံမှ စီမံသံများကို သံဃာတော်များဘက်မှ ကြားသိရခြင်းမရှိပေ။

ဆွမ်းလောင်းဓမ္မာရုံ

(အရှင်မေတ္တေယျ၏ ပြောပြချက်အရ၊ ရွာထဲမှ ဒကာကြီး (၃) ဦးက ဓမ္မာရုံတွင် ညအိပ်ညနေ နေလာပေးလေ့ရှိကြကြောင်း၊ အလှူ့ရှင်များအနေဖြင့် တစ်ဖွဲ့လျှင် တစ်နှစ်တွင်မှ တစ်ရက် ဆွမ်းကပ်ကြရကြောင်း၊ (ဥပမာအားဖြင့်၊ ယခုနှစ်-၂၀၁၂၊ နိုဝင်ဘာ (၇) ရက်နေ့တွင် ဆွမ်းကပ်သောအဖွဲ့သည်၊ နောင်နှစ်- ၂၀၁၃၊ နိုဝင်ဘာ (၇) ရက်နေ့တွင်မှ ဆွမ်းလောင်းလှူလှည့် ပြန်ကျမည်ဖြစ်ကြောင်း)၊ ဆွမ်းလှူသော သူများအနေဖြင့် ဆွမ်းလောင်း ဓမ္မာရုံတွင် ညအိပ်လာရောက်ပြီး စီမံချက်ပြုတ်ကပ်လှူကြခြင်းဖြစ်ကြောင်း၊ ဓမ္မာရုံသို့ ညစဉ်လာရောက် စောင့်အိပ်သည့် ဒကာကြီး (၃)ဦးက အလှူရှင်များကို ကူညီစောင့်ရှောက်ပေးကြကြောင်း သိရှိရပါသည်။)


ဆုပ္ပဋိပန္နော ဘဂဝတော ဆာဝက ဆံဃော

ဆွမ်းခံလမ်းမှ ဆွမ်းလောင်းဓမ္မာရုံလမ်းဘက်သို့ ချိုးကွေ့လိုက်သည်နှင့် ဓမ္မာရုံအတွင်းဘက်ဆီမှ “ဆာဓု၊ ဆာဓု၊ ဆာဓု၊ ဆာာာာဓု” ဟူသော သာဓုခေါ်သံများ စီစီညံညံ ထွက်ပေါ်လာလေသည်။ ထို့နောက်တွင်..

“ဆုပ္ပဋိပန္နော ဘဂဝတော ဆာဝက ဆံဃော
ဥဂျုပ္ပဋိပန္နော ဘဂဝတော ဆာဝက ဆံဃော..” စသည့် သံဃာ့ဂုဏ်တော်ကိုးပါးကို ဒေသသံနှင့် ရွတ်ဖတ်ပူဇော်သံများ ပီသညီညာစွာ ထွက်ပေါ်လာလေသည်။
ကြည်ညိုတတ်ကြပေစွ၊ ကြည်နူးဖွယ်ကောင်းလေစွ။  

ဤနေရာ၌ ဗဟုသုတအလို့ငှါ သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ သက္ကသံယုတ်၊ ဓဇဂ္ဂသုတ်တော်လာ သံဃာ့ဂုဏ်တော်ကိုးပါးကို ပါဠိတော်နှင့် မြန်မာပြန်ကို ဖော်ပြလိုပါသည်။

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
'မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏၊

(၂) ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့် မတ်သောအကျင့် ရှိတော်မူပါပေ၏၊

(၃) ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်သောအကျင့် ရှိတော်မူပါပေ၏၊

(၄) သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သောအကျင့် ရှိတော်မူပါပေ၏။


(*) ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ
ဧသ ဘဂဝတော သာဝကသံဃော
အစုံ အားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည်

(၅) အာဟုနေယျော၊
(အရပ်ဝေးမှ) ဆောင်ယူလာသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ခံရန် ထိုက်တန်တော်မူပါပေ၏၊

(၆) ပါဟုနေယျော၊
ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံတော်မူထိုက်ပါပေ၏၊

(၇) ဒက္ခိဏေယျော၊
တမလွန်အတွက် ရည်မျှော် လှူဒါန်းသော အလှူကို ခံတော်မူထိုက်ပါပေ၏၊

(၈) အဉ္ဇလိကရဏီယော၊
လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏၊

(၉) အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။
သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်ပါပေ၏။

 (မှတ်ချက်။  ။ မြန်မာပြန်မှာ တိပိဋက ပါဠိတော်မြန်မာပြန်မူအတိုင်းဖြစ်ပါသည်။)

ဆွမ်းလောင်းဓမ္မာရုံအဝင်ဝတွင် ဒကာတစ်ဦးက ခြေဆေးရေလောင်းပေးပါသည်။ နောက်ဒကာတစ်ဦးက ခြေသုတ်ပေးပါသည်။ ထို့နောက်တွင် ဆွမ်းစတင်လောင်းလှူကြလေသည်။

ဆွမ်းလောင်းလှူကြပုံကို ထင်မြင်အောင် ပြောရလျှင် မြန်မာပြည်က ဖားအောက်တောရတွင် ဆွမ်းလောင်းလှူကြသည့် ပုံစံမျိုးဟုပင် ပြောရပါမည်။ စားပွဲခုံရှည်ကြီးများပေါ်တွင် ဆွမ်းအိုး နှစ်အိုး (ဆွမ်းဖြူတစ်အိုး၊ ဆွမ်းနီတစ်အိုး)၊ ခရမ်းသီး၊ ပဲ၊ အာလူး၊ မျောက်ဥ၊ ပီလောပီနံဥ၊ ပဲသီး၊ စသည့် ဟင်းအိုးများ၊ ဒိန်ချဉ်ဗူး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ သရက်သီး၊ စပျစ်သီး၊ ရိုးရာမုန်းများ စသည့် အချိုပွဲဇလုံကြီးများကို စားပွဲပေါ်တွင် ပြင်ဆင်ထားလေသည်။

ဆွမ်းလောင်းလှူသည့်နေရာ

သီးသန့်ပြုလုပ်ထားပုံရသည့် ဆွမ်းလောင်းပုံစံခွက်ကြီးဖြင့် တစ်ကော်စာဆွမ်းသည် သံဃာတော်တစ်ပါးအတွက် ကောင်းစွာလောက်ငှပါသည်။ ထို့နောက်တွင် ကိုယ်လိုချင်သည့် ဆွမ်းဟင်းကိုတွေ့လျှင် အသာရပ်၍ အလှူခံခြင်း၊ မလိုချင်သည့်ဆွမ်းဟင်းရှေ့ကိုရောက်လျှင် သပိတ်ဖုံးကို ပိတ်ထားခြင်း တို့ဖြင့် ဆွမ်းအလှူခံယူတော်မူကြလေသည်။ ဆွမ်း၊ ဆွမ်းဟောင်းများ အလှူခံပြီး၍ အချိုပွဲဘက်သို့အကူးတွင် ဒကာတစ်ယောက်က သပိတ်နှင့်တိုင်းကာ ခပ်ဝိုင်းဝိုင်းညှပ်ထားသည့် ပလပ်စတစ်မိုးကာပြားတစ်စကို ဆွမ်းဟင်းများပေါ်မှ ဖုံးအုပ်ပေးလေသည်။ ထို့နောက်တွင် ဒိန်ချဉ်ဗူး၊ ငှက်ပျောသီး စသော အချိုပွဲများကို ဆက်လက်လောင်းလှူကြလေသည်။ ဆွမ်းလောင်းဓမ္မာရုံ၏ ဝင်ပေါက်မှဝင်၍ ထွက်ပေါက်သို့ ထွက်မိလျှင် ဆွမ်းလောင်းခြင်းကိစ္စ ပြီးဆုံးလေတော့သည်။


သာရဏီယဝတ် (သို့) အပြန်အလှန် ဆွမ်းလောင်းလှူကြခြင်း

ဆွမ်းစားကျောင်းသို့ ပြန်လည်ရောက်ရှိသောအခါ ဆွမ်းတော်တင်ရန် ပြင်ဆင်ထားသော ဆွမ်းတော်ပွဲ၌ ဆရာတော်မှ စ၍ အစဉ်အတိုင်း လောင်းလှူပူဇော်ကြပါသည်။ ဤနေရာတွင် ဆရာတော်ကို A ဟုသတ်မှတ်ပြီး၊ အစဉ်အတိုင်း B, C, D, E, F စသည်ဖြင့် သတ်မှတ်ပြီး ပြောဆိုရလျှင် ပို၍ နားရှင်းဖွယ်ရာ ရှိပါသည်။ ဆရာတော် (A) သည် ဆွမ်းတော်ပွဲ၌ လှူလိုသမျှ လောင်းလှူပြီးလျှင် မနီးမဝေးတွင် သပိတ်ကိုပိုက်ကာ ရပ်စောင့်နေတော်မူသည်။ ရဟန်းတော် (B) သည် ဆွမ်းတော်ပွဲ၌ လောင်းလှူလိုသမျှ လောင်းလှူပြီးလျှင် ဆရာတော် (A) ရှိရာသို့ သွားလေသည်။

ထို့နောက် ဆရာတော် (A) ၏ သပိတ်ထဲသို့ မိမိ၏သပိတ်ထဲမှ (ဆွမ်းဟင်းဖြင့် ရောနှောနေသော) ဆွမ်းတစ်ဇွန်းကို လောင်းလှူလေသည်။ ဆရာတော် (A) ကလည်း ထိုနည်းတူ၊ ရဟန်းတော် (B) အား ဆွမ်းတစ်ဇွန်း ပြန်လည်လောင်းလှူလေသည်။ ထို့နောက် ရဟန်းတော် (B) သည်လည်း ဆရာတော် (A) နည်းတူ မနီးမဝေး တစ်နေရာတွင် ရပ်ကာ ကျန် ရဟန်းတော်များကို စောင့်ဆိုင်းတော်မူလေသည်။ ရဟန်းတော် (C) သည်လည်း ဆွမ်းတော်ပွဲ၌ လောင်းလိုသမျှ လောင်းလှူပြီးလျှင် ဆရာတော် (A) ထံသို့လည်းကောင်း၊ ရဟန်းတော် (B) ထံသို့ သွား၍လည်းကောင်း အပြန်အလှန် ဆွမ်းလောင်းလှူပြီးလျှင် မနီးမဝေးတစ်နေရာ၌ရပ်ကာ ကျန်သော သံဃာတော်များကို စောင့်ဆိုင်းလောင်းလှူတော်မူလေသည်။ ဤကား ထိုတောရ၌ ကြုံတွေ့ခဲ့ရသော ထူးခြားသည့် သာရဏီယကျင့်ဝတ်ပင် ဖြစ်လေသည်။

စာပေလာ သာရဏီယကျင့်ဝတ်

အင်္ဂုတ္တရပါဠိတော်၊ ဆက္ကနိပါတ်၊ သာရဏီယဝဂ်၊ ဒုတိယသာရဏီသုတ်၌ “ ရဟန်းတို့၊  (သီတင်းသုံးဖော်တို့၏) ချစ်ခင်မြတ်နိုးခြင်း၊ လေးစားခြင်းကို  ပြုတတ်ကုန်သော သာရဏီယတရား ခြောက်မျိုးတို့သည် (အချင်းချင်း) သင်္ဂြိုဟ်ထောက်ပံ့ရန်၊ မငြင်းခုံရန်၊ ညီညွတ်ရန်၊ တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ကုန်၏” ဟု မိန့်တော်မူပြီးလျှင်   အောက်ပါ သာရဏီယဝတ် ခြောက်ပါးကို ဘုရားမြတ်စွာ ဟောကြားတော်မူလေသည်။ ၎င်းတို့မှာ..

၁။ သီတင်းသုံးဖော်တို့အပေါ် မျက်မှောက်မျက်ကွယ် ကာယကံမေတ္တာထားရခြင်း၊
၂။ သီတင်းသုံးဖော်တို့အပေါ် မျက်မှောက်မျက်ကွယ် ဝစီကံမေတ္တာထားရခြင်း၊
၃။ သီတင်းသုံးဖော်တို့အပေါ် မျက်မှောက်မျက်ကွယ် မနောကံမေတ္တာထားရခြင်း၊
၎။ တရားတော်နှင့်အညီရအပ်သော မိမိ၏ လာဘ်လာဘများကို၊ ယုတ်စွအဆုံး မိမိရအပ်သော ဆွမ်းကိုပင် သီလရှိသော သီတင်းသုံးဖော်များနှင့် မခွဲခြားပဲ သုံးဆောင်မှု ပြုရခြင်း၊
၅။ သီတင်းသုံးဖော်များနှင့် မျက်မှောက်မျက်ကွယ် ဖြူစင်သောသီလ တူမျှရခြင်း၊
၆။ သီတင်းသုံးဖော်များနှင့် မျက်မှောက်မျက်ကွယ် အယူအဆတူမျှရခြင်း.. တို့ ဖြစ်လေသည်။

ထိုခြောက်မျိုးတွင် အမှတ် ၁၊ ၂၊ ၃ တို့ဖြင့် သာရဏီယဝတ်ကို ကျင့်မည့်သူသည် ကံသုံးပါးလုံးတွင် မေတ္တာဓာတ်ကို ရှေ့သွားပြု၍ ကျင့်ဆောင်ရမည်ဖြစ်ကြောင်း ညွှန်ပြတော်မူသည်။ အမှတ် (၄) ဖြင့် သာရဏီယဝတ်ကို ကျင့်မည့်သူသည် ဆွမ်းစသော မိမိရရှိအပ်သည့် လာဘ်လာဘအပေါ်၌ မပေးရက်လို ဝန်တိုသည့် မစ္ဆရိယတရားကို ပါယ်ရှားနိုင်သူ ဖြစ်ရမည် ဖြစ်ကြောင်းနှင့်၊ သီတင်းသုံးဖော်များနှင့် ခွဲဝေပြီးမှသာ သုံးဆောင်ရမည်ဖြစ်ကြောင်း ညွှန်ပြတော်မူသည်။ အမှတ် ၅၊ ၆ တို့ဖြင့် သီတင်းသုံးဖော် ရဟန်းတော်များနှင့် သီလ၊ အယူ မကွဲပြား၊ တသားတည်းရှိသူဖြစ်ရမည်ဖြစ်ကြောင်း ညွှန်ပြတော်မူလေသည်။

ဤတွင် နံပါတ် (၄) အကြောင်းကို အနည်းငယ် ချဲ့ပါဦးမည်။ သာရဏီဝတ်ကို ကျင့်သောရဟန်းသည် ဆွမ်းစသည်ကို ခံယူကတည်းက သံဃာတော်များနှင့်အတူ သုံးစွဲမည်ဟူသော စိတ်ထားဖြင့် ခံယူရလေသည်။ မိမိရလာသောဆွမ်းကို အတူနေ သံဃာတော်များကို မထေရ်ကြီးမှသည် နောက်ဆုံး မထေရ်အငယ်ဆုံးအထိ ကြီးစဉ်ငယ်လိုက် ပုဂ္ဂိုလ်စေ့အောင် ပေးလှူရသည်။ ပေးလှူရာ၌လည်း စတိသဘောမျိုး ပေးလှူရသည်မဟုတ်၊ ထိုသံဃာတော်များ အလိုရှိသလောက် ကြည်ဖြူစွာ ပေးလှူရသည်။ ကိုယ့်အတွက် မကျန်လျှင် အချိန်ရှိသေးက တဖန်ပြန်၍ ဆွမ်းခံထွက်၊ ရှေးနည်းအတူ မထေရ်ကြီးကစပြီး အပါးစေ့အောင် ထပ်၍လှူ၊ သံဃာတော်များ မယူတော့ပဲ ကျန်သောဆွမ်းကိုမှ မိမိက ဘုဉ်းပေးရလေသည်။


သာရဏီယဝတ် ဖြည့်ကျင့်ရကျိုး

ဤကျင့်ဝတ်ကို (၁၂) နှစ်တိုင်တိုင် ကျင့်လျှင် သာရဏီယကျင့်ဝတ်အောင်သည်ဟု  ဆိုပါသည်။ (၁၂) နှစ် ပြည့်ခါနီး၊ ဆွမ်းသပိတ်ကို ဆွမ်းကျောင်း၌ထားခဲ့ပြီး ရေချိုးသွားနေခိုက်တွင် သံဃာတော်များက သာရဏီယကျင့်ဝတ်ကို ကျင့်နေသူ၏သပိတ်မှန်းသိ၍ အကုန်လုံးကို ခွဲဝေစားပစ်လိုက်ကြသော်လည်း “ငါ့ဆွမ်းတွေကို အကုန်စားပစ်ရက်ကြသည်၊ ငါ့အတွက်မှ ချန်မထားကြ” ဟု စိတ်မကွက်ရ၊ “လာဘာ ဝတ မေ၊ သုလဒ္ဓံ ဝတ မေ၊ ယဿ မေ ပတ္တာဂတံ အနာပုစ္ဆာဝ သဗြဟ္မစာရီ ပရိဘုဉ္ဇန္တိ- ငါ့သီတင်းသုံးဖော်များ ငါ့ကို မပြောဆို မပန်ကြားပဲတောင်မှ ဘုဉ်းပေးချီးမြှောက်တော်မူကြရှာတယ်၊ အရတော်လိုက်တာ၊ အရထူးလိုက်တာ” စသဖြင့် ဝမ်းသာနိုင်ရမည်။ အကယ်၍ စိတ်ကွက်မိလိုက်လျှင် စိတ်ကွက်လိုက်သည်နှင့် သာရဏီယဝတ်ပျက်တော့သည်။ ပြန်ကျင့်လိုလျှင် အစကစ၍ ၁၂-နှစ်တိုင်တိုင် ပြန်ကျင့်ရသည် ဟု မဇ္ဈိမနိကာယ်၊ ကောသမ္ဗိယသုတ်အဖွင့်တွင် ပြဆိုထားပါသည်။

ထိုသို့ ၁၂ နှစ်တိုင်တိုင် သာရဏီယဝတ်ကို ဖြည့်ကျင့်၍ အောင်မြင်တော်မူလျှင် ထိုရဟန်းမြတ်သည်..
(၁)။ လူအများက ဣဿာ၊ မစ္ဆရိယမရှိပဲ ချစ်ခင်ကြည်ညိုကြခြင်း (ဧဝံ ပူရိတ သာရဏီယဓမ္မဿ ပန နေဝ ဣဿာ၊ နမစ္ဆရိယံ ဟောတိ၊ သော မနုဿာနံ ပိယော ဟောတိ)
(၂)။ ပစ္စည်းလာဘ်လာဘ ကောင်းစွာ ရလွယ်ခြင်း (သုလဘ ပစ္စယော)
(၃)။ သပိတ်၌ရှိသော ဆွမ်းကိုပင် ပေးလှူ၍ မကုန်နိုင်ခြင်း၊ (ပတ္တဂတမဿ ဒီဃမာနမ္ပိ န ခီယတိ)
(၄)။ (မဲနှိုက်ခြင်းစသည့်) ပစ္စည်းခွဲဝေလှူဒါန်းရာများတွင် အကောင်းဆုံးပစ္စည်းကို ရရှိခြင်း၊ (ဘာဇနီယဘဏ္ဍဌာနေ အဂ္ဂဘဏ္ဍံ လဘတိ)
(၅)။ တိုင်းပြည်ပျက်၊ အငတ်ဘေးဆိုက် စသည့်ဘေးဒုက္ခများနှင့် ကြုံရသော် နတ်များက ကြောင့်ကြစိုက် ကူညီပေးကြခြင်း (ဘယေဝါ ဆာတကေဝါ သမ္ပတ္တေ ဒေဝတာ ဥဿုက္ကံ အာပဇ္ဇန္တိ).....ဟူသော မျက်မှောက်ဘဝ၌ ရနိုင်သော ကောင်းကျိုး ငါးမျိုး ကိုလည်း ၎င်းသုတ်အဖွင့်၌ပင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

တမလွန်ဘဝတွင်လည်း အလှူလုပ်သူသည် အလှူမလုပ်သူထက် သာလွန်၍ ရရှိအပ်သော..
(၁) အသက်ပိုရှည်ခြင်း
(၂) ရုပ်ရည်အဆင်းပိုလှခြင်း
(၃) ချမ်းသာပိုကြီးခြင်း
(၄) အခြံအရံ (အကျော်အစော) ပိုများခြင်း
(၅) အစိုးတရပိုရှိခြင်း.. ဟူသည့် အကျိုးထူး (၅) မျိုးကို ရရှိနိုင်ကြောင်း အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ်ပါဠိတော်၊ သုမနသုတ္တန်ကို ထောက်ဆ၍ သိရှိနိုင်ကြလေသည်။


သီတင်းသုံးဖော်ကောင်း ရှိဖို့လိုပါသည်

ဤသို့ ကျေးဇူးများလှသော ကျင့်ဝတ်ကို ဖြည့်ကျင့်လိုကြသူများအနေဖြင့် လျောက်ပတ်သော သီတင်းသုံးဖော်များကို ရရှိရန် အလွန်အရေးကြီးသည်ဟု ယူဆမိပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ အဋ္ဌကထာဆရာပေးထားသည့် မှတ်ချက်စကားမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလွန်းလှပါသည်။ အဋ္ဌကထာဆရာ၏ မှတ်ချက်မှာ..
“အယံ ပန သာရဏီယဓမ္မော သုသိက္ခိတာယ ပရိသာယ သုပူရော ဟောတိ၊ နော အသိက္ခိတာယ ပရိသာယ- ဤသာရဏီယကျင့်ဝတ်ကို ကောင်းစွာသင်ထားအပ်ပြီးသော (အသိဉာဏ်ရှိ၍ ယဉ်ကျေးသော) ပရိတ်သတ်ထံတွင် ကောင်းစွာဖြည့်ကျင့် အောင်မြင်နိုင်၏၊ မသင်မကြား မလိမ္မာသော ပရိတ်သတ်ထံ၌ ဖြည့်ကျင့်အောင်မြင်ရန်ကား မဖြစ်နိုင်။

သုသိက္ခိတာယ ဟိ ပရိသာယ ယော အညတော လဘတိ၊ သော န ဂဏှာတိ၊ အညတော အလဘန္တောပိ ပမာဏယုတ္တမေဝ ဂဏှာတိ၊ န အတိရေကံ- ကောင်းစွာသင်ထားအပ်ပြီးသော (အသိဉာဏ်ရှိ၍ ယဉ်ကျေးသော) ပရိသတ်သည် အခြားတစ်နေရာက (ဆွမ်းစသည်ကို) ရထားပြီးဖြစ်လျှင်၊ (ကျင့်ဝတ်ဖြည့်ကျင့်နေသူထံမှ)  မခံယူတော့ပေ၊ အခြားတစ်နေရာက မရသေးလျှင်တောင်မှ အတိုင်းအတာကိုကြည့်၍သာ အလှူခံ၏၊ အပိုအမို လက်မခံပေ။”.. ဟူ၏။ ပဋ္ဌာန်းပါဠိတော်ဟောတော်မူသော "ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော" ဟူသည်လည်း ဤသဘောမျိုးကိုပင် ရည်ညွှန်းသည် မဟုတ်ပါလော။


ယခု တောရကျောင်း၌ ဖြည့်ကျင့်နေကြသည်မှာ စာပေလာသာရဏီယကျင့်ဝတ်မျိုးနှင့် တစ်စိတ်တစ်ဒေသ အားဖြင့် တူညီနေသည်ဟု ဆိုနိုင်ခွင့် ရှိမည် ထင်ပါသည်။ တောကျောင်းနေ မိတ်ဆွေ ရဟန်းတော်များကိုယ်တိုင်ကလည်း ယခုကဲ့သို့ အပြန်အလှန် ဆွမ်းလောင်းလှူကြခြင်းကို “သာရဏီယဝတ္တ” ဟုပင် ပြောဆိုသုံးနှုန်းကြပါသည်။ သူတို့ထဲတွင် ၁၂ နှစ်တိုင်အောင် ကျင့်သုံးနိုင်ပြီးသူ၊ ကျင့်သုံးနိုင်မည့်သူ ရှိ- မရှိကို အသာထား၊ လောလောဆယ် ရရှိလိုက်ကြသော အကျိုးအမြတ်များကား မနည်းလှဟု ဆိုနိုင်လေသည်။

မှန်ပါ၏။ ထိုရဟန်းတော်များအနေဖြင့် ယခုကဲ့သို့ သူ့ဆွမ်း ကိုယ့်ဆွမ်း အပြန်အလှန် လောင်းလှူကြခြင်းဖြင့် အချင်းချင်း စည်းလုံးမှု ချစ်ခင်မှုတို့ တိုးပွါးကြရသည်သာ ဖြစ်ပါ၏။ တစ်နေ့လုံး နေ၍၊ တစ်ခါသော်မှ မျက်နှာချင်း မဆိုင်မိနိုင်စရာလည်း မရှိနိုင်တော့။ မိမိ၏ သပိတ်ထဲမှ ဆွမ်းကို ဇွန်းကလေးဖြင့်ကော်ရင်း “အရှင်မြတ်သည် ငါလှူဒါန်းသောဆွမ်းကို ဘုဉ်းပေးပြီး ပရိယတ်- ပဋိပတ် အလုပ်များကို ချမ်းသာစွာ အားထုတ်နိုင်ပါစေ” ဟူ၍ တစ်ပါးချင်းစီကို မေတ္တာပို့ရင်း ဆွမ်းလောင်းလှူခွင့် ရကြသည်မှာ ကြီးမြတ်သောကောင်းမှုပင်မဟုတ်ပါလော။


ဆွမ်းတော်တင်ခြင်း၊ ဆွမ်းစားခြင်း

ထိုသို့ အပြန်အလှန် ဆွမ်းလောင်းလှူကြပြီးသည့်နောက်တွင်  ဘုရားရှင်အား ဆွမ်းတော်ကပ်လှူပူဇော်ကြလေသည်။ ဆွမ်းတော်ကပ်လှူပူဇော်သည့် ဂါထာများ၊ ဘုရားရှိခိုးများ၊ ပရိတ်ကြီးပါဠိတော်များ၊ မေတ္တာပို့ပါဠိများကို လေးဆယ့် ငါးမိနစ်ခန့်ရွတ်ဖတ်ပူဇော် အမျှဝေပြီးလျှင် ဗုဒ္ဓပူဇာ၊ ဗုဒ္ဓဝန္ဒနာ လုပ်ငန်းစဉ် ပြီးဆုံးလေသည်။

ထို့မှနောက် နေ့လည် (၁၂း၀၀) နာရီ မထိုးမချင်း မိမိဘုဉ်းပေးလိုသော အချိန်တွင် မိမိ၏ သပိတ်မှ ဆွမ်းကို သပ္ပါယမျှတသည်အထိ အေးအေးသက်သာ ဘုဉ်းပေးတော်မူနိုင်ကြလေသည်။

ဆက်လက်ဝေမျှပါဦးမည်။

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)


Sunday, November 25, 2012

Ellakandura တောရကျောင်းသို့ အလည်တစ်ခေါက် (၄)

နေ့လည် (၂း၀၀) နာရီထိုးလျှင် တံမျက်စည်းကိုယ်စီကိုင်ပြီး မိမိနေရာကျောင်းဆောင်အနီးတစ်ဝိုက်၊ စေတီတော်ရင်ပြင် နှင့် ဗောဓိပင်အောက်တို့ကို အမှိုက်လှည်းကြပြန်ပါသည်။ သူတို့အမှိုက်လှည်းပုံမှာ အားရှိပါးရှိ ရှိလှသည်။ ဤမျှကျယ်ဝန်းသော ကျောင်းပရဝုဏ်ကို ညနံနက် အမှိုက်လှည်းရသည့်အတွက် ပျင်းရိငြီးငွေ့ကြဟန်ကိုလည်း မတွေ့ရ။ အမှိုက်တစ်စ၊ သစ်ရွက်တစ်ရွက်တစ်လေမျှ မကျန်စေရအောင် လှည်းကျင်းတတ်ကြသည်ကို တွေ့ရှိရပါသည်။ အကြောင်းရှိသည်။ မှန်ပါ၏။ မည်သည့်အရာတွင်မဆို အကျိုးကို သိသူ၊ မြင်သူ၊ ယုံကြည်သူတို့သည်သာ အကျိုးဖြစ်ရာဖြစ်ကြောင်း အကြောင်းကောင်းကို ထက်ထက်သန်သန် ရွှင်ရွှင်လန်းလန်း ပြုလုပ်တတ်ကြလေ့ရှိလေသည်။

တံမြက်လှည်းရခြင်းအကျိုး (၅)ပါး

ဤနေရာတွင် ဗဟုသုတအလို့ငှါ ပရိဝါပါဠိတော်၌ လာရှိသော အောက်ပါ တံမြက်လှည်းရခြင်း အကျိုးငါးပါးကို ဖော်ပြရပါဦးမည်။

၁။  မိမိကိုယ်တိုင် စိတ် ကြည်လင်၏။ (သကစိတ္တံ ပသီဒတိ)
၂။  တပါးသူတို့ စိတ်ကြည်လင်၏။ (ပရစိတ္တံ ပသီဒတိ)
၃။ နတ်တို့ ချစ်ခင်နှစ်သက်၏။ (ဒေဝတာ အတ္တမနာ ဟောန္တိ)
၎။  ကြည်ညိုဖွယ် (ရုပ်ရည်လှပတင့်တယ်ခြင်း) ကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရာရောက်၏။ (ပါသာဒိက သံဝတ္တနိကကမ္မံ ဥပစိနတိ)
၅။ သေလွန်သောအခါ ကောင်းသောလားရောက်ရာ နတ်ပြည်သို့ ရောက်ရ၏။ (ကာယဿဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ)  {ပရိဝါပါဠိတော်၊ ၂၃၀}


တံမြက်လှည်းရင်း ဂုဏ်တော်ပွါးများရာမှ ရဟန္တာဖြစ်သွားသူ ဖုဿဒေဝမထေရ်

ထိုပါဠိတော်၏အဖွင့် အဋ္ဌကထာတွင် တံမြက်စည်းလှည်းခြင်းအကျိုးထူးကို ခံစားကြရသူ မထေရ်မြတ်တို့ အကြောင်းကို ကြည်ညိုအားတက်ဖွယ်ရာ ဖတ်ရှုရပါသည်။ ထိုမထေရ်မြတ်တို့အနက်က တံမြက်လှည်းရင်း ဂုဏ်တော်ပွါး၊ ဝိပဿနာတရားအားထုတ်ရာမှ ရဟန္တာဖြစ်သွားသူ ဖုဿဒေဝမထေရ်မြတ်အကြောင်းကို မျှဝေပါဦးမည်။

ရှေးအခါက သီရိလင်္ကာနိုင်ငံ၊ “ကဋအန္ဓကာရ” အမည်ရသောကျောင်း၌ ဖုဿဒေဝမည်သော မထေရ်တစ်ပါး သီတင်းသုံးတော်မူသည်။ ထိုမထေရ်မြတ်သည် နေ့စဉ် တံမြက်လှည်းပြီးလျှင် သင်္ကန်းကို လက်ကတော့ထိုး၊ သဲလုံးကလေးများ ညီညာပြန့်ပျူးနေသည့်  စေတီတော်ရင်ပြင်ကိုကြည့်ရင်း ဘုရားဂုဏ်တော်ကို အာရုံပြုလေ့ရှိလေသည်။ တစ်နေ့ ထိုကဲ့သို့ အမှိုက်လှည်းပြီး ဘုရားဂုဏ်တော်ကိုပွါးများနေရင်းက ပီတိပါမောဇ္ဇတရားများ ထင်ရှားဖြစ်ပွါးလာလေသည်။ ထိုသည့်အခိုက် တောင်ပေါ်မှ မျောက်ညိုကြီး တစ်ကောင် ရောက်လာပြီးလျှင်  နွားချေးများကို ပစ်ကြဲသွားလေသည်။ အဋ္ဌကထာဆရာက ထိုမျောက်ကြီးကို မျောက်ယောင်ဆောင်လာသော မာရ်နတ်ကြီးဟု ပြောဆိုထားပါသည်။ (ရှေ့တွင် အထောက်အထားတွေ့ရပါလိမ့်မည်။)

တောင်ပေါ်ရှိကျောင်းသင်္ခန်းကလေးအနီး တံမြက်လှည်းနေသည့် ရဟန်းတော်တစ်ပါး



စာပေလာ ထိုအဖြစ်အပျက်သည် လက်ရှိအနေနှင့် သိပ်မကွာလှသည်ကို တွေ့ရပါသည်။ စာရေးသူ သွားရောက် လည်ပတ်ခဲ့သည့် တောရကျောင်းအနီးတစ်ဝိုက်တွင်လည်း မျောက်တွေ အလွန်ပေါများလှပါသည်။ တစ်ခါတစ်ရံ ရဟန်းတော်များက ရှေ့က တံမြက်လှည်းသွားလျှင်၊ သူတို့က သစ်ကိုင်းများကိုချိုးဖဲ့ချခြင်း၊ သစ်သီးစားကြွင်းများကို ပစ်ချခြင်းမျိုး ပြုလုပ်တတ်ကြပါသည်။ စောင့်ကြည့်မည့်သူမရှိလျှင် သင်္ကန်းများကို ကျောင်းဆောင်အပြင်ဘက်တွင် လှမ်းမထားနိုင်ပါ။ တန်းပေါ်မှ ဆွဲချခြင်း၊ ယူဆော့ခြင်းမျိုး ပြုတတ်ကြပါသည်။ မျောက်တို့၏ ဘာသာဘာဝကိုက ထိုသို့ရှိသည်လား၊ တမင်လုပ်သည်လား ဆိုသည်ကိုတော့ စာရေးသူမပြောတတ်ပါ။ ပြောနိုင်သည်မှာ စာရေးသူတို့ တံမြက်လှည်းနေစဉ် သစ်ကိုင်းချိုးချသည့် အကောင်များကတော့ မာရ်နတ်ဖြစ်လိမ့်မည် မထင်ပါ။


မာရ်နတ်နှင့် မထေရ်

အမှိုက်တွေပြောင်စင်နေသည့် စေတီတော်ရင်ပြင်မှာ၊ ဘုရားဂုဏ်တော်ကိုပွါးများရင်းက ပီတိပါမောဇ္ဇဖြစ်သည်အထိ ကြည်လင်ရွှင်ပျနေသော မထေရ်မြတ်၏စိတ်သည် ထိုမျောက်ညိုကြီးကြောင့် အနှောင့်အယှက်ဖြစ်သွားရ၏။ တံမြက်ထပ်လှည်းရ၏။ (ရဟန္တာဖြစ်နိုင်လောက်သော်လည်း) ရဟန္တာဖြစ်အောင် ပြုတော်မမူနိုင်ခဲ့။ (ရှေ့ကတံမြက်လှည်း၊ မျောက်က နောက်ကနေ ထပ်ဖွဖြင့် လုံးလည်လိုက်ကာ သမာဓိပျက်သွားသည်ဟု ဆိုနိုင်မည်ထင်ပါသည်။)  ဒုတိယနေ့တွင်လည်း နွားအိုကြီးတစ်ကောင် ရောက်လာပြန်ပြီးလျှင် ရှေးမျောက်အတူ ညစ်ပတ်ရှုပ်ပွအောင် ပြုလုပ်ပြန်သဖြင့် ပျက်ရပြန်လေသည်။

တတိယနေ့တွင်လည်း ခြေခွင်နေသူအသွင်ဖန်ဆင်းကာ ရောက်လာပြန်ပြီးလျှင် ညီညာပြန့်ပြူးစွာ လှည်းကျင်းထားသည့် သဲမြေအပြင်တွင် အကြောင်းအစင်းတွေထသွားအောင် ခြေခွင်ခွင်ဖြင့် သွားလာပြန်လေသည်။ ဤတွင် မထေရ်က “ဧဝရူပေါ ဗီဘစ္ဆပုရိသော သမန္တာ ယောဇနပ္ပမာဏေသု ဂေါစရဂါမေသု နတ္တိ၊ သိယာ နု ခေါ မာရော- တစ်ယူဇနာဝန်းကျင်ရှိတဲ့ ငါ့ဂေါစရဂါမ်ရွာထဲမှာ ဒီလောက်စက်ဆုပ်စရာကောင်းတဲ့သူ မတွေ့ဖူးပါဘူး၊ မာရ်နတ်များ ဖြစ်နေမလား” တွေးပြီး၊ “သင်- မာရ်နတ်မဟုတ်လား” ဆိုပြီး မေးယူရတော့သည်။ မာရ်နတ်ကလည်း “အရှင်ဘုရားကို လိမ်လို့ မရတော့ပါဘူး” ဟုဆိုကာ မကွယ်မထောက် ဝန်ခံရလေသည်။

မထေရ်က “သင် ဘုရားရှင်ကို ဖူးမြင်ဖူးပါသလား” ဟု မေးရာ “ဖူးမြင်ဖူးကြောင်း” ပြန်ဖြေသည်။ မထေရ်မြတ်က “မာရ်နတ်ဆိုတာ သိပ်တန်ခိုးကြီးမားပါတယ်၊ ဘုရားရှင်နှင့်တူအောင် တဆိတ်ဖန်ဆင်းပြပါ” ဆိုပြီး တောင်းပန်သည်။ မာရ်နတ်ကြီးက “အရှင်ဘုရား၊ ဘုရားနှင့်တူအောင်တော့ မဖန်ဆင်းနိုင်ပါဘူး၊ သို့ပေမင့် အတန်အသင့်တူအောင်တော့ ဖန်ဆင်းပြပါ့မယ်” ဟုဆိုကာ ဘုရားအသွင် ဖန်ဆင်းပြလေသည်။ မထေရ်မြတ်လည်း မာရ်နတ်ကိုကြည့်ရင်းက “ ရာဂ၊ ဒေါသ၊ မောဟ အပြည့်ရှိတဲ့ မာရ်နတ်တောင် ဒီလောက်တင့်တယ်တယ်၊ ရာဂ ဒေါသ မောဟ အခါခပ်သိမ်း ကင်းငြိမ်းတော်မူတဲ့ ဘုရားရှင်သာဆို ဘယ်လောက်တောင် တင့်တယ်လိုက်လေမလဲ” ဟုအသင့်ကြံမိကာ၊ ဘုရားအာရုံ ဘုရားဂုဏ်ကို ဆင်ခြင်တော်မူလေရာ ပီတိတစ်ဖန် ဖြစ်လာပြန်လေသည်။ ထိုမှသည် လက္ခဏာရေးသုံးပါးကို နှလုံးသွင်းဆင်ခြင်ပြီး ဝိပဿနာ ရှုပွါးတော်မူလိုက်သောအခါ ရဟန္တာအဖြစ်ကို ဆိုက်ရောက်တော်မူလေသည်။


အတုယူဆင်ခြင်ဖွယ်ရာ

ဤနေရာတွင် စာရေးသူတို့ အနေဖြင့် အတုယူဆင်ခြင်စရာ များစွာပါရှိ၏။ စာရေးသူတို့ ဗုဒ္ဓဘာသာဝင် မြန်မာများအနေဖြင့် မာရ်နတ်ဟုဆိုလျှင် အလိုလိုပင် ရွံချင်ကြ၏။ မထေရ်မြတ်ကား ထိုသို့မဟုတ်၊ "မာရ်နတ်ဆိုတာ တန်ခိုးကြီးတဲ့သူဖြစ်ကြောင်း" မာရ်နတ်သဘောကျအောင် ချီးမွှမ်းတော်မူပြီးလျှင် ဘုရားပုံတော်ကို ဖန်ဆင်းပြစေနိုင်ခဲ့လေသည်။ နဂိုအခံအားဖြင့်ပင် အရဟံစသည့်ဂုဏ်တော်တို့အပေါ် ကြည်ညိုရင်းစွဲ ထုံမွှမ်းရင်းစွဲ ရှိသူဖြစ်သည့်အလျောက် မာရ်နတ်ဖန်ဆင်းပြသည့် ဘုရားအသွင်မှသည်၊ ရာဂဒေါသမောဟကင်းသည့် ဘုရားရှင့်ဂုဏ်တော်ဆီအထိ စိတ်ညွတ်မိပြန်လေရာ ဝမ်းမြောက်ခြင်းကြီးစွာ ဖြစ်ရပြန်လေသည်။ ထိုမှသည် နဂိုနှလုံးသွင်းမြဲဖြစ်သည့် ဝိပဿနာလက်နက်ဖြင့် ဉာဏ်စဉ်အဆင့်ဆင့်တက်အောင် ရှုမှတ်နိုင်ခဲ့ရကား လေးမဂ်လေးဖိုလ်မျက်မှောက်ပြုကာ ရဟန္တာအဖြစ်ကို ရောက်တော်မူခဲ့ရလေသည်။

မြေဇင်းရိပ်သာ၌ ဆုံခဲ့ဖူးသည့် ဒကာကြီးတစ်ယောက်ကလည်း ပြောပြဖူး၏။ “တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက မာရ်နတ်ဆိုရင် ဘုရားကို ကန့်လန့်တိုက်သူရယ်လို့ သိပ်မကြည်ဖြူကြဘူးဘုရား၊ တကယ်တော့ ယောဂီတွေအနေနဲ့က အဲသလို မဖြစ်သင့်ပါဘူး။ သူ့ဘာသာ ဘုရားကန့်လန့်တိုက်တာကတော့ သူ့အကုသိုလ်နဲ့သူပေါ့ဘုရား။ သတိပြုသင့်တာက နိမိတ်အလင်းနဲ့ တာဝတိံသာမှာရှိတဲ့ စူဠာမဏိစေတီတော်တို့ကို သွားဖူးတဲ့အခါမယ် သိကြားမင်းကြီးတို့လို တာဝတိံသာ နတ်တွေကိုသာမက မာရ်နတ်ကြီးကိုပါ မေတ္တာပို့ပြီးသွားရင် ပိုအဆင်ပြေတယ်ဘုရား။ တပည့်တော်တို့ သတိထားရမှာက အလေးအနက်ပြုမှုကို မကြိုက်သူရယ်လို့ လောကမှာ မရှိပါဘူးဘုရား” ဟု မာရ်နတ်နှင့်ပတ်သက်၍ အကြံပေးစကား ပြောကြားဖူးလေသည်။


ရှေးရိုးစဉ်လာ ကျင့်စဉ်မြတ်ကြီး

မထေရ်မြတ်နှင့် မာရ်နတ်အကြောင်း ပြန်ဆက်ပါမည်။ မထေရ်မြတ် ရဟန္တာဖြစ်သွားမည်ကို စိုးသဖြင့် အမျိုးမျိုးလာရောက်နှောင့်ယှက်ခဲ့သော်လည်း မိမိကြောင့်ပင် ကိလေသာကင်းစင်သွားသည့်အဖြစ်ကို သိသောအခါ “အရှင်ဘုရားက တပည့်တော်ကို လှည့်စားလိုက်တာပေါ့လေ” ဟု မာရ်နတ်က စကားနာထိုးလေသည်။ မထေရ်မြတ်က “မာရ်နတ်အိုကြီး၊ သင့်ကိုလှည့်စားလို့ ဘာအကျိုးရှိမတဲ့တုန်း” ဟုသာ စကားတုန့်ပြန်တော်မူလိုက်လေသည်။

ထိုပရိဝါအဋ္ဌကထာ၌ ယခုဖော်ပြခဲ့သော ဖုဿဒေဝမထေရ်မြတ်အကြောင်းအပြင်၊ တံမြက်လှည်းရာမှတဆင့် မဂ်ဖိုလ်အဆင့်ဆင့် ရင့်တော်မူခဲ့ကြသော အခြားမထေရ်မြတ်တို့ အကြောင်းတို့ကိုပါ တွေ့ရှိရပေသည်။ မှန်ပါသည်။ ရဟန်းတော်များ စေတီတော်ရင်ပြင် စသည်၌ တံမြက်လှည်းခြင်းသည် အခစားဖြင့် တံမြက်လှည်းသူများကဲ့သို့ တံမြက်လှည်းကာမတ္တမျှကားမဟုတ်။ ဘုရားရှင်ဂုဏ်တော်ကို နှလုံးသွင်းရင်း တံမြက်လှည်းတော်မူကြသည်သာ များလေသည်။ စင်စစ် တံမြက်လှည်းရာ၌သာမဟုတ်၊ အခြားသော ကျောင်းတိုက်ဝေယျာဝစ္စများကို လုပ်ကိုင်ဆောင်ရွက်သည့် အခါများတွင်လည်း ဘုရားရှင့်ဂုဏ်တော်ကို နှလုံးသွင်းရင်းသာ လုပ်ကိုင်ဆောင်ရွက်လေ့ ရှိတော်မူကြလေသည်။

မှန်ပါ၏။ နေ့ဘက်တွင် စာသင်-စာချ (ပရိယတ်ဝန်ကိုဆောင်)၊ စာသင်စာချရပ်နားချိန်တွင် ဂုဏ်တော်ပွါးရင်း သေနာသနဝတ် (ကျောင်းဝေယျာဝစ္စ)၊ စေတီယင်္ဂဏဝတ် (စေတီတော်ရင်ပြင်ကို တံမြက်လှည်းခြင်းစသည်)၊ ဗောဓိယင်္ဂဏဝတ် (ဗောဓိပင်ဝန်းကျင်၌ တံမြက်လှည်းခြင်းစသည်) ကိုပြု၊ ညအချိန်တွင် ကမ္မဋ္ဌာန်းအားထုတ် (ပဋိပတ်ဝန်ကိုဆောင်) ဟူသော လုပ်ငန်းရပ်သည် သာသနာ့ဝန်ထမ်း ရဟန်းသာမဏေမြတ်တို့၏ ရှေးရိုးစဉ်လာ ကျင့်စဉ်မြတ်ကြီးပင် ဖြစ်လေသည်။


ပန်းဆီမီးပူဇော်သည်

ပန်းဆီမီးပူဇော်ရန် ပြင်ဆင်နေသည့် ရဟန်းတော်တစ်ပါး

ညနေ (၃း၀၀) နာရီကျော်လောက်ဆိုလျှင် တံမြက်လှည်းခြင်းအမှု ပြီးဆုံးသွားလေ့ရှိပါသည်။ တံမြက်လှည်းပြီးလျှင် ခြေလက်ကိုဆေးကြောပြီး စေတီတော်ကို ပန်း၊ ဆီမီးကပ်လှူရန် ပြင်ဆင်ကြရပါသည်။ စေတီတော်ကို ပူဇော်ရန်အတွက် ပန်းများကို ရွာထဲမှ ဒကာတစ်ယောက်က နေ့စဉ်လာရောက်ပို့ဆောင်ပေးပါသည်။ ရွာထဲမှ ဒကာ/မများ နေ့စဉ် စုပေါင်းလှူဒါန်းကြသည့် သဘောဖြစ်ပါသည်။ စေတီတော်အား ပန်းကပ်လှူပူဇော်ပြီးလျှင်၊ ဆီမီးပူဇော်ရန်အတွက် ဆီမီးခွက်များအတွင်း မီးစာတပ်ခြင်း၊ ဆီဖြည့်ခြင်းကိစ္စ များကိုလည်း အရံသင့် ပြုလုပ်ထားကြရပါသည်။ ညဘက်ရောက်လျှင် မီးညှိထွန်း ပူဇော်လိုက်ရုံသာ ရှိပေပြီ။

ထိုကိစ္စများပြီးဆုံးလျှင် မိမိကျောင်းသင်္ခန်းသို့ပြန်၊ ရေချိုးခြင်းအမှုကိုပြုကြရလေသည်။ ထို့မှနောက် ညနေ (၄း၀၀) မှ (၆း၀၀) အတွင်း စုပေါင်း တရားအားထုတ်တော်မူကြလေသည်။


ဆက်လက်ဝေမျှပါဦးမည်
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)


Thursday, November 22, 2012

Ellakandura တောရကျောင်းသို့ အလည်တစ်ခေါက် (၂)

လိုက်ပို့သူ ဆရာတော် ဦးဇောတိက ပြန်ကြွသွားပြီးနောက် ဦးဇင်းလေးတစ်ပါးက ကျောင်းတိုက်၏ အချိန်ဇယားများကို အကြမ်းဖျင်းပြောပြသဖြင့် လိုက်ရေးမှတ်ထားရလေသည်။

(၁) နံနက် (၅း၃၀) မှ (၆း၃၀) နာရီ အထိ သန့်ရှင်းရေး..။
(၂) နံနက် (၆း၃၀) မှ (၈း၀၀) အထိ တရားအားထုတ်…။
(၃) နံနက် (၈း၀၀) ဆွမ်းခံကြွ..။
(၄) ဆွမ်းခံကြွရာမှ ပြန်လာလျှင် ဆွမ်းတော်ကပ်၊ ဘုရားရှိခိုး (ဗုဒ္ဓပူဇာ၊ ဗုဒ္ဓဝန္ဒနာ)..။
(၅) နေ့လည် (၂း၀၀) မှ (၄း၀၀) အထိ သန့်ရှင်းရေး..။
(၆) ညနေ    (၄း၀၀) မှ (၆း၀၀) အထိ တရားအားထုတ်..။

အရိုးအိုးစေတီလေးတစ်ဆူ

ဤနေရာတွင် ထိုတောရ၏ တရားအားထုတ်ချိန်နှင့် တရားအားထုတ်သည့် စနစ်တို့ကို တပါတည်း ဖော်ပြရပါဦးမည်။ အပေါ်စာရင်းပါ တရားအားထုတ်ချိန် (၂) ချိန်သည် စုပေါင်းတရားအားထုတ်ရန် အချိန်ကို ညွှန်းဆိုခြင်းသာဖြစ်ပြီး အခြားအချိန်များတွင်မူ မိမိနေရာကျောင်းသင်္ခန်း၌ အဆင်ပြေသလို အားထုတ်ကြရန် ဖြစ်လေသည်။ စုပေါင်း အားထုတ်ချိန် (၂) ချိန်တွင် မနက်ပိုင်း အချိန်၌ တစ်နာရီခွဲ၊ ညနေပိုင်း၌ နှစ်နာရီ သတ်မှတ်ထားသော်လည်း နာရီဝက်၊ လေးဆယ့်ငါးမိနစ်၊ တစ်နာရီ၊ တစ်နာရီခွဲ၊ နှစ်နာရီ စသဖြင့် မိမိသပ္ပါယဖြစ်သလို အားထုတ်နိုင်ကြပါသည်။

တရားအားထုတ်သည့်စနစ်ကိုမူ စာရေးသူအား ဘယ်သို့ဘယ်ပုံ အားထုတ်ပါဟု သူတို့ကလည်း မညွှန်ကြား၊ မိမိကလည်း မမေးခဲ့မိသဖြင့် အတိအကျ မပြောနိုင်အောင်ဖြစ်ရပါသည်။ သို့ရာတွင် ကျောင်းထိုင် ဆရာတော်သည်လည်းကောင်း၊ လက်ထောက်ဆရာတော်သည်လည်းကောင်း မြန်မာပြည်၊ မော်လမြိုင်မြို့၊ ဖားအောက်တောရသို့ကြွရောက်၍ နည်းခံအားထုတ် ဖူးကြသည်ဟု ဆိုသောကြောင့် သမထပုဗ္ဗင်္ဂမ ဝိပဿနာယာနိက ကျင့်စဉ်တစ်မျိုးမျိုး ဖြစ်ရမည်ဟုကား စဉ်းစားမိခဲ့ပါသည်။


ဂိလာနဘတ္တ

တရားအားထုတ်ရာနေရာမှ ဆင်းလာလျှင် ဆွမ်းစားကျောင်းရှေ့၌ ကိုရင်ကြီးတစ်ပါးနှင့်ဆုံလေသည်။ ထိုကိုရင်ကြီးက “ဘန္တေ၊ ဂိလာ ဘတ်ဆ” ဟုဆိုပြီး တစ်ခုခုသောက်ရန် အမူအယာပြသဖြင့် ဆွမ်းကျောင်းထဲသို့ လိုက်သွားဖြစ်လေသည်။ ဆွမ်းကျောင်းထဲရောက်လျှင် “အရှင်ဘုရား အနေဖြင့် နေ့ဆွမ်းလည်း မစားလိုက်ရသဖြင့် အသီးအနှံအဖျော်တစ်ခုခု သောက်သုံးသင့်ပါသည်၊ ငှက်ပျောသီးဖျော်ရည် လည်းရနိုင်ပါသည်” ဟု အကြံပေးသဖြင့် “ငှက်ပျောသီး ဖျော်ရည်” ဆိုလျှင် အဆင်ပြေပါသည်ဟု ပြောလိုက်ရသည်။ ခနကြာလျှင် မုန့်ဟင်းခါးစားသည့် ပုဂံလုံးမျိုးဖြင့် ငှက်ပျောသီးဖျော်ရည်မွှေးမွှေးတစ်ခွက် ရောက်ရှိလာလေသည်။

ဤနေရာတွင် ဗဟုသုတအဖြစ် ရဟန်းသာမဏေ၊ သီလရှင်၊ ဥပုသ်သည်များ ညနေသောက်သုံးနိုင်သည့် အဖျော်များကို ဖော်ပြရပါလိမ့်ဦးမည်။ ဝိနည်း မဟာဝါပါဠိတော်၊ ဘေသဇ္ဇက္ခန္ဓက၊ ကေဏိယရသေ့ဝတ္ထုတွင် ရဟန်းတော်များ ညနေ သုံးဆောင်ကောင်းသည့် အောက်ပါ အဖျော် (၈) မျိုးကို ဘုရားမြတ်စွာ ခွင့်ပြုတော်မူခဲ့လေသည်။ ၎င်းတို့မှာ..
(၁)သပြေသီးအဖျော်
(၂)သရက်သီးအဖျော်
(၃)မုဒရက်သီးအဖျော်
(၄)ဖက်သက်သီးအဖျော်
(၅)သစ်မည်စည်သီးအဖျော်
(၆)တောငှက်ပျောသီးအဖျော်
(၇)အိမ်ငှက်ပျောသီး အဖျော်
(၈) ကြာစွယ်အဖျော်.. တို့ ဖြစ်လေသည်။

၎င်းဖျော်ရည် (၈)မျိုးကို....

“သပြေ, သရက်၊ မုဒရက်၊ ဖက်သက် သစ်မည်စည်။
တော, အိမ်, ငှက်ပျော၊ ကြာစွယ်နှော၊ မှတ်လောရှစ်ဖျော်ရည်..။” ဟု ရှေးဆရာတော်ကြီးများ လင်္ကာစီကုံးပေးတော်မူခဲ့ကြလေသည်။ ထို့ပြင်တဝ အဋ္ဌကထာများက ဖွင့်ပြသော သုံးနိုင်ကောင်းသည့်  အဖျော်များကိုပါ အောက်ပါလင်္ကာဖြင့် မှတ်သားနိုင်ကြမည် ဖြစ်ပါသည်။

“ရှောက်,မန်ကျည်းစ၊ နုလောမ၊ လျော်လှ အဖျော်ရည်။
ဆီး, သံပုရာ၊ ဥသျှစ်ပါ၊ ဖျော်ကာ သုံးနိုင်သည်။”

စင်စစ် တောရကျောင်းရှိ ဦးဇင်း ကိုရင်များသည် ဧည့်သည်အပေါ်၌ အလွန်ဧည့်ဝတ်ကျေတော်မူကြလေသည်။ နေ့လည် (၁၂) နာရီနောက်ပိုင်း ဆွမ်းစားကျောင်းနားက ဖြတ်သွားလိုက်မိသည်နှင့် “ဘန္တေ၊ ဂိလာဘတ်ဆ” ဟု တရိုတသေ လိုက်လိုက် မေးတတ်ကြသည်သာဖြစ်လေသည်။ ပါဠိလို “ဂိလာနဘတ္တ”၊ သူတို့၏ အသံထွက်အလို “ဂိလာဘတ်ဆ” ဆိုသည်မှာ တိုက်ရိုက်အားဖြင့် “လူနာအားပေးလှူအပ်သော ထမင်း” ဟု မြန်မာဘာသာ ပြန်ဆိုရမည် ဖြစ်သော်လည်း၊ ယခု တောရကျောင်း၌ ရည်ညွှန်း သုံးစွဲနေကြသည်မှာကား နေမွန်းလွဲသွားသော်လည်း ရဟန်းတော်များ သုံးဆောင်ခွင့် ရှိသည့် ဖျော်ရည်များကို ရည်ညွှန်းသုံးစွဲနေကြခြင်းသာ ဖြစ်လေသည်။ ထိုနေ့က ငှက်ပျောသီးဖျော်ရည် အတော်ကောင်းပါသည်။


ဆရာတော်ကို ဖူးမျှော်ခြင်း

ညနေ (၇း၀၀) ခန့်လောက်တွင် ‘သာရဒမုနိ’ ဟုခေါ်သော ရဟန်းတော်လေးတစ်ပါးက ‘ဆရာတော်ထံ သွားလိုလျှင် လိုက်ပို့ပါမည်’ ဟု ယဉ်ကျေးစွာ လာရောက်ခေါ်ဆောင်လေသည်။ ဓာတ်မီးတစ်ပါးတစ်လက်စီဖြင့် ကွန်ကရစ်လမ်းကလေးအတိုင်း တက်ခဲ့ကြပြီးနောက် ဆရာတော့်ကျောင်းဆောင်သို့ ရောက်ရှိကြလေသည်။ ဆရာတော်ကား သက်တော် (၆၀) ကျော်ကျော်ကလေးလောက် ရှိမည်ဟု ထင်ရ၏။ စာရေးသူက မိမိအမည်ကို လျှောက်ထားပြီး ရှိခိုးဦးချလိုက်လေလျှင်၊ ‘ဘယ်နိုင်ငံကလာတာလဲ’ ဟု မေးမြန်းလေသည်။ မြန်မာနိုင်ငံက ဖြစ်ပါကြောင်း လျှောက်ထားလိုက်သောအခါ ‘သူလည်း မြန်မာပြည်၊ မော်လမြိုင်မြို့၊ ဖားအောက်ရိပ်သာမှာ တရားအားထုတ်ဖူးကြောင်း’ မိန့်ကြားတော်မူလေသည်။

ဆရာတော်နှင့်အမှတ်တရ

‘သီရိလင်္ကာမှာ ဘယ်နှစ်နှစ် ရှိပြီလဲ၊ ဘယ်အတန်းတွေ တက်နေသလဲ’ စသော မေးခွန်းများကို စကားပြန် အရှင်သာရဒမုနိ၏ အကူအညီဖြင့် မေးမြန်းဖြေဆိုကြပြီးနောက်၊ ဆရာတော်က ‘သူ့ကျောင်းမှာ ပျော်သလောက် နေပါ၊ လိုအပ်တာများကို ပြောပါ’ဟု ပြုံးပြုံးရွှင်ရွှင် မိန့်ကြားတော်မူလေသည်။ ဆရာတော်၏ စကားရိပ် အငွေ့အသက်များ၌ မြန်မာပြည်နှင့် ရင်းနှီးကျွမ်းဝင်နေဟန်၊ မြန်မာပြည်မှ ရဟန်းသာမဏေများကို လေးစားအားရဟန်များကို အထင်းသားတွေ့မြင်ရလေသည်။ ထိုစကားမှန်ပါ၏။ ဘာသန္တရစာပေအားနည်းမှု၊ ခေတ်ပညာရှင်များ၏ ဗုဒ္ဓစာပေစသော ဘာသာရေးစာပေများအပေါ် ချည်းကပ်မှုနည်းစနစ်များနှင့် မရင်းနှီးမကျွမ်းဝင်မှုတို့ကြောင့်သာ ယခုလို သူများနိုင်ငံတွင် ပညာလာသင်နေကြရ သော်လည်း၊ မျက်မှောက်ခေတ်ပရိယတ် ပဋိပတ်အရာနှင့် ပတ်သက်လာလျှင် မြန်မာပြည်မှရဟန်းသာမဏေများကို တစ်ကမ္ဘာလုံးက လေးစားကြသည်သာဖြစ်လေသည်။

ခဏကြာလျှင် ဆရာတော်ကို ဦးချ၍ ပြန်လာခဲ့ကြ၏။ အပြန်လမ်းတွင် “အလိုရှိပါက မနက် (၅း၄၅) နာရီဆိုလျှင် ဆွမ်းကျောင်းသို့ကြွ၍ နေ့စဉ် အရုဏ်ဘုဉ်းပေးနိုင်ပါကြောင်း၊ မနက်စာအဖြစ် လက္ဘက်ရည်၊ ကော်ဖီ၊ နွားနို့၊ ဘီစကစ်၊ ငှက်ပျောသီး၊ ပန်းသီး စသည်တို့ကို ရနိုင်ပါကြောင်း၊ ဤတောရရှိ အချို့ရဟန်းများမှာ တစ်ထပ်သာဘုဉ်းပေးလေ့ရှိကြပါကြောင်း” အရှင်သာရဒမုနိက လျှောက်ထားလေသည်။


 တောရ၏ မနက်စောစော

မနက်စောစော (၅း၃၀) တိတိတွင် အုန်းမောင်းခေါက်သံ ချိုမြမြကိုကြားရလေသည်။ အုန်းမောင်းခေါက်သံနှင့် မရှေးမနှောင်းတွင် မျောက်ကြီးတစ်ကောင် အော်လေသည်။ မနက်စောစောကြားလိုက်ရသည့်  မျောက်အော်သံ၊ ကျေးငှက်အော်သံ၊ ရှဥ့်အော်သံများတို့သည် တောရ၏ ရသကို ပြီးပြည့်စုံအောင် ဖြည့်စွက်ပေးနေကြသယောင် ရှိလေသည်။ ငြိမ်းချမ်းလှပေစွ။

စုပေါင်းတရားအားထုတ်ရာနေရာ

နံနက် (၅း၄၅) တွင် ဆွမ်းကျောင်းသို့သွား၍ လက္ဘက်ရည်တစ်ခွက်နှင့် ဘီစကစ်အနည်းငယ်ကို ဘုဉ်းပေးဖြစ်လေသည်။ ထို့နောက်တွင် တံမျက်စည်းကိုယ်စီဆွဲ၍ တံမျက်လှည်း ထွက်ကြလေသည်။ ကျောင်းဧရိယာမှာ အတော်ကျယ်ဝန်းသည့်အလျောက် မနက်ပိုင်း ညနေပိုင်း နှစ်နေရာခွဲ၍ အမှိုက်လှည်းကြရသည်။ မနက်ပိုင်းတွင် ဆွမ်းကျောင်းအနီးတစ်ဝိုက်နှင့် ဆွမ်းခံရာလမ်းတလျှောက်ကို ဦးစားပေးလှည်းကျင်းကြသည်။ ညနေပိုင်းတွင်မူ စေတီတော်၊ ဗောဓိပင်နှင့် ဘုရားကျောင်းဆောင်တော်ကြီးဘက်ကို ဦးစားပေးလေ့ ရှိကြပေသည်။

မနက်ပိုင်းတွင် တံမျက်လှည်းပြီးသည်နှင့် တရားအားထုတ်ရာနေရာသို့ သွားရောက်၍၊ ဆွမ်းခံမကြွမီ (၈း၀၀) နာရီထိုးသည်အထိ တရားအားထုတ်တော်မူကြလေသည်။ဆက်လက်ဖော်ပြပါမည်။

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)

Wednesday, November 21, 2012

"Ellakandura တောရကျောင်းသို့ အလည်တစ်ခေါက်"

နာယကဆရာတော် ဦးဇောတိက အားပေးကူပံ့မှုကြောင့် Ellakandura တောရကျောင်းသို့ အလည်တစ်ခေါက် ရောက်ဖူးခဲ့ရပါသည်။ 07-11-2012 နေ့၊ နံနက် (၆:၂၀) နာရီတွင် ကိုလံဘို (Colombo) မှသည် မတရ (Matara) မြို့သို့ ဆရာတော် ဦးဇောတိကနှင့် ထွက်ခွါခဲ့ကြ၏။ (၅) နာရီမျှ စီးရမည့် ခရီးအတွက် ကားခရူပီး ၂၇၅ရူပီး စီပေးရလေသည်။ ကိုလံဘိုမြို့သည် သီရိလင်္ကာနိုင်ငံ၏ အနောက်ဘက်စူးစူး ပင်လယ်ကမ်းထိပ်တွင် တည်ရှိ၏။ မတရမြို့သည် သီရိလင်္ကာနိုင်ငံ၏ တောင်ဘက်စူးစူး ပင်လယ်ကမ်းထိပ်တွင် တည်ရှိ၏။ ကိုလံဘိုမှ မတရသို့ ပင်လယ်ကမ်းနားအတိုင်း ဖောက်လုပ်ထားသည့် ကျွန်းပတ်လမ်းမှ သွားရသည်။ ထို့ကြောင့် အနောက်ဘက်မှ တောင်ဘက်တစ်ခို ပင်လယ်ကမ်းထိပ်ထိုထိုရှိ အမြို့မြို့ အရွာရွာကို ဖြတ်သန်းရင်း၊ ပင်လယ်လေကိုရှူရှိုက်ခွင့်၊ လှိုင်းလုံးကြီးများကို ငေးမောခွင့်ရခဲ့လေသည်။ ထိုနေ့ နံနက် (၁၁:၀၀) ခန့်တွင် မတရ (Matara) မြို့ကားဂိတ်ကြီးသို့ ဆိုက်ရောက်ကြလေသည်။

 Matara မြို့၊ ပင်လယ်ကမ်းစပ်ရှုခင်း
မတရမြို့မှသည် ကကန်ဒုရ (Kakandura) ရွာကလေးသို့ လိုင်းကားတစ်ဆင့် ထပ်စီးကြရ၏။ မိနစ် (၂၀) မျှစီးကြရပြီးလျှင် တောရကျောင်းတည်ရှိရာ ကကန်ဒုရရွာကလေးသို့ ရောက်ရှိကြလေသည်။ လိုင်းကားမှ ဆင်းပြီးနောက် တောလမ်းအတိုင်း ခြေလျင်လျှောက်လာခဲ့ကြ၏။ ဤတောရကျောင်းသို့ နှစ်ကြိမ် တိုင်တိုင်ရောက်ဖူးသော ဆရာတော် ဦးဇောတိက ကိုယ်တိုင် မေတ္တာကြီးစွာဖြင့် လိုက်ပို့သည်ဖြစ်ရာ လမ်းခရီးအမှားအယွင်းမရှိပဲ နေ့လည် (၁၂:၀၀) နာရီတိတိတွင် တောရကျောင်းသို့ ဆိုက်ရောက်ကြလေသည်။

ဆွမ်းစားကျောင်းသို့ ဝင်လိုက်လျှင် ကိုရင်ကြီးတစ်ပါးနှင့် ဦးဇင်း သုံးလေးပါးကို တွေ့ကြရလေသည်။ သူတို့သည် ဆရာတော် ဦးဇောတိကနှင့် ဝမ်းသာအားရနှုတ်ဆက်ကြပြီးလျှင် "ဆွမ်းစားပြီးခဲ့ကြပြီလော"ဟု မေးမြန်းကြလေသည်။ ဆွမ်းမစားခဲ့ကြရသေးကြောင်း ပြောပြကြသောအခါ “ဆွမ်းချိန်လွန်သွားပြီ၊ ဖျော်ရည်ကပ်ပါမည်” ဟုဆိုကာ သီးနှံများကို ဖျော်ပြီး ဆက်ကပ်ကြလေသည်။ မှတ်မှတ်ရရ ထိုနေ့က နေ့ဆွမ်းတစ်ထပ် ငတ်ခဲ့ကြလေသည်။

  တောရကျောင်းသို့ သွားသော တောလမ်းကလေး

ချစ်စရာ့ သီရိလင်္ကာ သြကာသ 

စာရေးသူတို့နှစ်ပါး ဖျော်ရည်သောက်ပြီးကြသောအခါ ဦးဇင်း ကိုရင်များ အနီးအပါးရောက် လာကြလေသည်။ သင်္ကန်းလေးတွေကို လက်ကတော့ထိုးရင်း၊ နေကထိုင်လေးတွေကို ခင်းရင် “သြကာဆ ဝန္ဒာမိ” ဟု ပြောကြလေသည်။ ပြီးလျှင် ဆရာတော် ဦးဇောတိကဘက်ကို လက်အုပ်ချီ၍ သူတို့ရိုးရာ သြကာသ ကန်တော့ချိုးဖြင့် အကျအနရှိခိုး ဦးချကြလေသည်။ ဆရာတော် ဦးဇောတိက ကလည်း ပြန်ပြန်ထောက်ပေးသည်ကိုတွေ့ရ၏။ နာယကဆရာတော် အရှင်ဇောတိက ပြီးလျှင် “သြကာဆ ဝန္ဒာမိ” ဟုဆိုကာ မိမိဘက်သို့ လှည့်လာကြ၏။ သိက္ခာဝါတော်အရေအတွက်ကို မေးမြန်းပြီး မိမိထက် ငယ်ကြောင်း သေချာသောအခါမှ ရှိခိုးခံရလေသည်။ သူတို့ဆိုသွားသည့် သြကာသကို နားလည်တစ်ချက်၊ မလည်တချက် ရှိ၏။ ဆရာတော် ဦးဇောတိကကဲ့သို့လည်း အပြန်အလှန် မထောက်မပေးတတ်။ ထို့ကြောင့် ထိုအကြိမ်က ဒီအတိုင်းပင် တိတ်တိတ်ဆိတ်ဆိတ်နေကာ ကန်တော့ခံ ဖြစ်ခဲ့လေသည်။ နောင် သုံးလေးရက် ကြာသောအခါမှ ဦးဇင်းတစ်ပါးကို ခေါ်၍ သူတို့၏ "သြကာသ ကန်တော့ချိုး" ကို ဖြည်းဖြည်းသက်သာ ရွတ်ဆိုခိုင်းပြီး စာဖြင့် လိုက်မှတ်ရလေသည်။

အပြည့်အစုံရသောအခါမှ သီရိလင်္ကာတွင်လည်း ဤလို ချစ်စရာကောင်းသော သြကာသ ကန်တော့ချိုးမျိုး ရှိနေကြောင်း သိရလေတော့သည်။ မှန်၏။ သီရိလင်္ကာသြကာသ ကန်တော့ချိုးသည် မြန်မာပြည်က သြကာသကန်တော့ချိုးလောက် မခန့်ညားဟု ဆိုလိုက ဆိုနိုင်သော်လည်း သူ့နည်းသူ့ဟန်ဖြင့်မူ တနည်းတဖုံ ချစ်စရာကောင်းနေသည်ကတော့ အမှန်ပင်ဖြစ်လေသည်။ သူတို့၏ သြကာသကန်တော့ချိုးထဲတွင် အပြန်အလှန် အမျှဝေမှုသဘော၊ အမျှဝေရန်တောင်းဆိုမှုသဘော၊ တစ်ဦး၏ကောင်းမှုကို တစ်ဦးက ဝမ်းမြောက်နုမော် သာဓုခေါ်သည့်သဘော၊ အပြစ်ကြီးငယ်ကို အပြန်အလှန် ဝန်ချတောင်းပန်သည့်သဘော၊ အပြန်အလှန် ခွင့်လွှတ်သည့်သဘောများ အပြည့်အစုံ ပါဝင်နေလေသည်။ (စာရှုသူများ နားလည်လွယ်စေရန် မြန်မာလိုပါ ယှဉ်တွဲဖော်ပြပါမည်..။)

အငယ်။ ။ သြကာသ ဝန္ဒာမိ ဘန္တေ - ခွင့်ပြုတော်မူပါ၊ ရှိခိုးပါ၏ အရှင်မြတ်ဘုရား။ 
အကြီး။ ။ သုခီ ဟောတု - ချမ်းသာပါစေ။

အငယ်။ ။ မယာ ကတံ ပုညံ သာမိနာ အနုမောဒိတဗ္ဗံ - တပည့်တော်ပြုအပ်သည့် ကောင်းမှုကို အရှင်မြတ်ဘုရား ဝမ်းမြောက်တော်မူသင့်ပါ၏ (သာဓုခေါ်တော်မူသင့်ပါ၏)။ 
အကြီး။ ။ သာဓု သာဓု အနုမောဒါမိ - သာဓု သာဓု၊ ဝမ်းမြောက်ပါ၏။


အငယ်။ ။ သာမိနာ ကတံ ပုညံ မယံ ဒါတဗ္ဗံ - အရှင်မြတ်ပြုအပ်သည့် ကောင်းမှုကိုလည်း တပည့်တော်ကို ပေးဝေတော်မူသင့်ပါ၏။ 
အကြီး။ ။ သာဓု အနုမောဒိတဗ္ဗံ - ကောင်းလှပါပြီ၊ ဝမ်းမြောက်တော်မူပါ (သာဓု ခေါ်တော်မူပါ)။ 
အငယ်။ ။ သာဓု သာဓု အနုမောဒါမိ ->> သာဓု သာဓု၊ ဝမ်းမြောက်ပါ၏။

အငယ်။ ။ သြကာသ ဒွါယတ္တယေန ကတံ သဗ္ဗံ အစ္စယံ ခမထ မေ ဘန္တေ - ခွင့်ပြုတော်မူပါ၊ ကံသုံးပါးဖြင့် ကျူးလွန်မိသမျှ အပြစ်အားလုံးကို သည်းခံတော်မူပါ အရှင်မြတ်ဘုရား။ 
အကြီး။ ။ ခမာမိ၊ ခမိတဗ္ဗံ - သည်းခံပါ၏၊ ငါ့အပြစ်များကိုလည်း သည်းခံပါလေ။ 
 အငယ်။ ။ သာဓု သြကာသ ခမာမိ ဘန္တေ - ကောင်းပါပြီ၊ ခွင့်ပြုတော်မူပါ၊ သည်းခံပါ၏ အရှင်မြတ်ဘုရား..။

ရှုပါ။ မည်မျှ ချစ်စရာကောင်းသော သြကာသကန်တော့ချိုးပါနည်း။ စင်စစ် စာရေးသူသည် ၂၀၁၀ တုန်းက နှစ်လုံးပေါက်မျှ တစ်ကြိမ်၊ ယခု ၂၀၁၂ တွင် တစ်ကြိမ် သီရိလင်္ကာတွင် နေထိုင်ခွင့်ရ၏။ သို့ရာတွင် ဤမျှ ချစ်စရာကောင်းသော သြကာသ ကန်တော့ချိုးမျိုး ရှိနေမှန်း Ellakandura တောရကျောင်း သို့ ရောက်သောအခါမှ သိရှိခွင့်ရခဲ့လေသည်။ လာရကျိုး ရှိပေပြီ။

 (၁၀) ရက်ခန့် နေမည် 

ထို့နောက်တွင် ဆရာတော်ဦးဇောတိကက စာရေးသူကို လက်ညှိုးညွှန်လျက် “ဤအရှင်သည် မိမိ၏ classmate ဖြစ်ကြောင်း၊ ဤတောရတွင် (၁၀) ရက်ခန့် နည်းခံနေထိုင်မည်ဖြစ်ကြောင်း ၊ တောရကျောင်းဆရာတော်အား ခဏ လျှောက်ထားပေးကြစေလိုကြောင်း၊ သူ့အနေဖြင့်မူ အလုပ် များလွန်း၍ ပြန်ရမည်ဖြစ်ကြောင်း၊ မိမိ၏ သူငယ်ချင်းအား စောင့်ရှောက်ပေးကြစေ လိုကြောင်း” ပြောဆို မိတ်ဆက်ပေးလေသည်။ သူတို့က “စိတ်ချပါ၊ အတတ်နိုင်ဆုံး ကူညီပါ့မည်” ဟု ရွှင်ရွှင်ပျပျ ပြန်လည် ပြောဆိုကြလေသည်။

ဆရာတော်ဦးဇောတိကက “လာပါ၊ နေရာလေးတွေကို လိုက်ပြထားခဲ့ပါမည်” ဟုဆိုသဖြင့် ဆွမ်းကျောင်းမှထွက်ကာ စေတီတော်၊ ဗောဓိပင်များရှိရာဖက်ဆီသို့ ထွက်ခွါလာ ခဲ့ကြလေသည်။ စေတီတော်ရင်ပြင် အောက်ဆင့်သို့ လှမ်းတက်လိုက်လျှင် အဖိုအမ ပကတိ လူ့အရိုးစု တစ်စုံကို မှန်အုတ်တိုက်ကလေးတွင် ထည့်သွင်းချိတ်ဆွဲ ပြသထားသည်ကို တွေ့ရလေသည်။ (နောင်သိရသည်မှာ ထိုအရိုးစုအစုံသည် ဇနီးမောင်နှံနှစ်ဦး၏ အရိုးစုများဖြစ်ပြီး ဆရာဝန်တစ်ဦးက လာရောက်လှူဒါန်းထားကြောင်း သိရပါသည်။)



ထိုမှ ရှေ့ကိုဆက်တက်လျှင် ဗောဓိပင်၊ တရားထိုင်ရာနေရာနှင့် စေတီတော်တို့ကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရလေသည်။ စေတီတော်မှ ရှေ့ကို ဆက်သွားလျှင် ဘုရားကျောင်းဆောင်တော်ကြီးသို့ ရောက်ရှိပြီး အတွင်းဖက်တွင် ကြည်ညိုဖွယ်ရာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွါးတော်မြတ်တစ်ဆူကို ဖူးတွေ့ ရလေသည်။ ကျောင်းဆောင်တော်ဘေး တွင်မူ ရောင်စုံပန်းပင် ကလေးများကို စိတ်ကြည်နူး ဖွယ်ရာ တွေ့မြင်နိုင်လေသည်။

 ကျောင်းဆောင်နံပါတ်- ၂၅



 စေတီတော်ဖက်မှ ပြန်ဆင်းလာကြသောအခါ ဦးဇင်းလေး ၂ ပါးက “လိုက်ခဲ့ပါ၊ နေရမည့်ကျောင်းဆောင်ကို လိုက်ပို့ပါမည်” ဟုဆိုပြီး အဆောင်နံပါတ် (၂၅) ကို လိုက်ပို့ကြလေသည်။ ဆရာတော် ဦးဇောတိကက "သူလည်း ဤအဆောင်၌ပင်နေခဲ့ရကြောင်း၊ အင်မတန်ကောင်းကြောင်း၊ မပျင်းမရိ မိမိရည်မှန်းသည်ကို ကြိုးစားရယူပါမည့် အကြောင်း" တို့ကို အားပေးမိန့်ကြားတော်မူလေသည်။ ဦးဇင်းလေး (၂)ပါးက "ညနေဘက်တွင်မှ တောရကျောင်း ကျောင်းထိုင်ဆရာတော်ထံ လိုက်ပို့ပေးပါမည်"ဟု ဆိုကြလေသည်။

ဤသို့ဖြင့် နေ့လည် (၂:၀၀) နာရီထိုးလု နီးလာသဖြင့် (၅)နာရီမျှကားစီးရသော ခရီးဝေးကို ပြန်ကြွရမည့် ဆရာတော်ဦးဇောတိကလည်း ပြန်ကြွရန် ပြင်ဆင်တော်မူလေသည်။ ဆရာတော်နှင့် ဒေသနာ ကြားပြီးနောက် တောလမ်းကလေးအစပ်သို့ ပြန်လည် လိုက်ပို့ရလေသည်။ တောစပ်သို့ရောက်သောအခါ ဤမျှဝေးလံသော ခရီးကို မငြီးမငြူ ကြည်ဖြူရွှင်လန်းစွာ လိုက်ပို့ရှာသော နာယကဆရာတော် ဦးဇောတိက၏ ကလျာဏမိတ္တပီသမှု၊ မေတ္တာစေတနာကြီးမားမှုတို့ကို နှလုံးသွင်းရင်း လက်အုပ်ချီ နှုတ်ဆက် လိုက်ရလေတော့သည်။

 (တောရကျောင်းမှ ချစ်စရာ့ဓလေ့ အမွေအနှစ်များကို ဆက်လက် ဝေမျှပါဦးမည်)

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)