Sunday, November 25, 2012

Ellakandura တောရကျောင်းသို့ အလည်တစ်ခေါက် (၄)

နေ့လည် (၂း၀၀) နာရီထိုးလျှင် တံမျက်စည်းကိုယ်စီကိုင်ပြီး မိမိနေရာကျောင်းဆောင်အနီးတစ်ဝိုက်၊ စေတီတော်ရင်ပြင် နှင့် ဗောဓိပင်အောက်တို့ကို အမှိုက်လှည်းကြပြန်ပါသည်။ သူတို့အမှိုက်လှည်းပုံမှာ အားရှိပါးရှိ ရှိလှသည်။ ဤမျှကျယ်ဝန်းသော ကျောင်းပရဝုဏ်ကို ညနံနက် အမှိုက်လှည်းရသည့်အတွက် ပျင်းရိငြီးငွေ့ကြဟန်ကိုလည်း မတွေ့ရ။ အမှိုက်တစ်စ၊ သစ်ရွက်တစ်ရွက်တစ်လေမျှ မကျန်စေရအောင် လှည်းကျင်းတတ်ကြသည်ကို တွေ့ရှိရပါသည်။ အကြောင်းရှိသည်။ မှန်ပါ၏။ မည်သည့်အရာတွင်မဆို အကျိုးကို သိသူ၊ မြင်သူ၊ ယုံကြည်သူတို့သည်သာ အကျိုးဖြစ်ရာဖြစ်ကြောင်း အကြောင်းကောင်းကို ထက်ထက်သန်သန် ရွှင်ရွှင်လန်းလန်း ပြုလုပ်တတ်ကြလေ့ရှိလေသည်။

တံမြက်လှည်းရခြင်းအကျိုး (၅)ပါး

ဤနေရာတွင် ဗဟုသုတအလို့ငှါ ပရိဝါပါဠိတော်၌ လာရှိသော အောက်ပါ တံမြက်လှည်းရခြင်း အကျိုးငါးပါးကို ဖော်ပြရပါဦးမည်။

၁။  မိမိကိုယ်တိုင် စိတ် ကြည်လင်၏။ (သကစိတ္တံ ပသီဒတိ)
၂။  တပါးသူတို့ စိတ်ကြည်လင်၏။ (ပရစိတ္တံ ပသီဒတိ)
၃။ နတ်တို့ ချစ်ခင်နှစ်သက်၏။ (ဒေဝတာ အတ္တမနာ ဟောန္တိ)
၎။  ကြည်ညိုဖွယ် (ရုပ်ရည်လှပတင့်တယ်ခြင်း) ကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရာရောက်၏။ (ပါသာဒိက သံဝတ္တနိကကမ္မံ ဥပစိနတိ)
၅။ သေလွန်သောအခါ ကောင်းသောလားရောက်ရာ နတ်ပြည်သို့ ရောက်ရ၏။ (ကာယဿဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ)  {ပရိဝါပါဠိတော်၊ ၂၃၀}


တံမြက်လှည်းရင်း ဂုဏ်တော်ပွါးများရာမှ ရဟန္တာဖြစ်သွားသူ ဖုဿဒေဝမထေရ်

ထိုပါဠိတော်၏အဖွင့် အဋ္ဌကထာတွင် တံမြက်စည်းလှည်းခြင်းအကျိုးထူးကို ခံစားကြရသူ မထေရ်မြတ်တို့ အကြောင်းကို ကြည်ညိုအားတက်ဖွယ်ရာ ဖတ်ရှုရပါသည်။ ထိုမထေရ်မြတ်တို့အနက်က တံမြက်လှည်းရင်း ဂုဏ်တော်ပွါး၊ ဝိပဿနာတရားအားထုတ်ရာမှ ရဟန္တာဖြစ်သွားသူ ဖုဿဒေဝမထေရ်မြတ်အကြောင်းကို မျှဝေပါဦးမည်။

ရှေးအခါက သီရိလင်္ကာနိုင်ငံ၊ “ကဋအန္ဓကာရ” အမည်ရသောကျောင်း၌ ဖုဿဒေဝမည်သော မထေရ်တစ်ပါး သီတင်းသုံးတော်မူသည်။ ထိုမထေရ်မြတ်သည် နေ့စဉ် တံမြက်လှည်းပြီးလျှင် သင်္ကန်းကို လက်ကတော့ထိုး၊ သဲလုံးကလေးများ ညီညာပြန့်ပျူးနေသည့်  စေတီတော်ရင်ပြင်ကိုကြည့်ရင်း ဘုရားဂုဏ်တော်ကို အာရုံပြုလေ့ရှိလေသည်။ တစ်နေ့ ထိုကဲ့သို့ အမှိုက်လှည်းပြီး ဘုရားဂုဏ်တော်ကိုပွါးများနေရင်းက ပီတိပါမောဇ္ဇတရားများ ထင်ရှားဖြစ်ပွါးလာလေသည်။ ထိုသည့်အခိုက် တောင်ပေါ်မှ မျောက်ညိုကြီး တစ်ကောင် ရောက်လာပြီးလျှင်  နွားချေးများကို ပစ်ကြဲသွားလေသည်။ အဋ္ဌကထာဆရာက ထိုမျောက်ကြီးကို မျောက်ယောင်ဆောင်လာသော မာရ်နတ်ကြီးဟု ပြောဆိုထားပါသည်။ (ရှေ့တွင် အထောက်အထားတွေ့ရပါလိမ့်မည်။)

တောင်ပေါ်ရှိကျောင်းသင်္ခန်းကလေးအနီး တံမြက်လှည်းနေသည့် ရဟန်းတော်တစ်ပါး



စာပေလာ ထိုအဖြစ်အပျက်သည် လက်ရှိအနေနှင့် သိပ်မကွာလှသည်ကို တွေ့ရပါသည်။ စာရေးသူ သွားရောက် လည်ပတ်ခဲ့သည့် တောရကျောင်းအနီးတစ်ဝိုက်တွင်လည်း မျောက်တွေ အလွန်ပေါများလှပါသည်။ တစ်ခါတစ်ရံ ရဟန်းတော်များက ရှေ့က တံမြက်လှည်းသွားလျှင်၊ သူတို့က သစ်ကိုင်းများကိုချိုးဖဲ့ချခြင်း၊ သစ်သီးစားကြွင်းများကို ပစ်ချခြင်းမျိုး ပြုလုပ်တတ်ကြပါသည်။ စောင့်ကြည့်မည့်သူမရှိလျှင် သင်္ကန်းများကို ကျောင်းဆောင်အပြင်ဘက်တွင် လှမ်းမထားနိုင်ပါ။ တန်းပေါ်မှ ဆွဲချခြင်း၊ ယူဆော့ခြင်းမျိုး ပြုတတ်ကြပါသည်။ မျောက်တို့၏ ဘာသာဘာဝကိုက ထိုသို့ရှိသည်လား၊ တမင်လုပ်သည်လား ဆိုသည်ကိုတော့ စာရေးသူမပြောတတ်ပါ။ ပြောနိုင်သည်မှာ စာရေးသူတို့ တံမြက်လှည်းနေစဉ် သစ်ကိုင်းချိုးချသည့် အကောင်များကတော့ မာရ်နတ်ဖြစ်လိမ့်မည် မထင်ပါ။


မာရ်နတ်နှင့် မထေရ်

အမှိုက်တွေပြောင်စင်နေသည့် စေတီတော်ရင်ပြင်မှာ၊ ဘုရားဂုဏ်တော်ကိုပွါးများရင်းက ပီတိပါမောဇ္ဇဖြစ်သည်အထိ ကြည်လင်ရွှင်ပျနေသော မထေရ်မြတ်၏စိတ်သည် ထိုမျောက်ညိုကြီးကြောင့် အနှောင့်အယှက်ဖြစ်သွားရ၏။ တံမြက်ထပ်လှည်းရ၏။ (ရဟန္တာဖြစ်နိုင်လောက်သော်လည်း) ရဟန္တာဖြစ်အောင် ပြုတော်မမူနိုင်ခဲ့။ (ရှေ့ကတံမြက်လှည်း၊ မျောက်က နောက်ကနေ ထပ်ဖွဖြင့် လုံးလည်လိုက်ကာ သမာဓိပျက်သွားသည်ဟု ဆိုနိုင်မည်ထင်ပါသည်။)  ဒုတိယနေ့တွင်လည်း နွားအိုကြီးတစ်ကောင် ရောက်လာပြန်ပြီးလျှင် ရှေးမျောက်အတူ ညစ်ပတ်ရှုပ်ပွအောင် ပြုလုပ်ပြန်သဖြင့် ပျက်ရပြန်လေသည်။

တတိယနေ့တွင်လည်း ခြေခွင်နေသူအသွင်ဖန်ဆင်းကာ ရောက်လာပြန်ပြီးလျှင် ညီညာပြန့်ပြူးစွာ လှည်းကျင်းထားသည့် သဲမြေအပြင်တွင် အကြောင်းအစင်းတွေထသွားအောင် ခြေခွင်ခွင်ဖြင့် သွားလာပြန်လေသည်။ ဤတွင် မထေရ်က “ဧဝရူပေါ ဗီဘစ္ဆပုရိသော သမန္တာ ယောဇနပ္ပမာဏေသု ဂေါစရဂါမေသု နတ္တိ၊ သိယာ နု ခေါ မာရော- တစ်ယူဇနာဝန်းကျင်ရှိတဲ့ ငါ့ဂေါစရဂါမ်ရွာထဲမှာ ဒီလောက်စက်ဆုပ်စရာကောင်းတဲ့သူ မတွေ့ဖူးပါဘူး၊ မာရ်နတ်များ ဖြစ်နေမလား” တွေးပြီး၊ “သင်- မာရ်နတ်မဟုတ်လား” ဆိုပြီး မေးယူရတော့သည်။ မာရ်နတ်ကလည်း “အရှင်ဘုရားကို လိမ်လို့ မရတော့ပါဘူး” ဟုဆိုကာ မကွယ်မထောက် ဝန်ခံရလေသည်။

မထေရ်က “သင် ဘုရားရှင်ကို ဖူးမြင်ဖူးပါသလား” ဟု မေးရာ “ဖူးမြင်ဖူးကြောင်း” ပြန်ဖြေသည်။ မထေရ်မြတ်က “မာရ်နတ်ဆိုတာ သိပ်တန်ခိုးကြီးမားပါတယ်၊ ဘုရားရှင်နှင့်တူအောင် တဆိတ်ဖန်ဆင်းပြပါ” ဆိုပြီး တောင်းပန်သည်။ မာရ်နတ်ကြီးက “အရှင်ဘုရား၊ ဘုရားနှင့်တူအောင်တော့ မဖန်ဆင်းနိုင်ပါဘူး၊ သို့ပေမင့် အတန်အသင့်တူအောင်တော့ ဖန်ဆင်းပြပါ့မယ်” ဟုဆိုကာ ဘုရားအသွင် ဖန်ဆင်းပြလေသည်။ မထေရ်မြတ်လည်း မာရ်နတ်ကိုကြည့်ရင်းက “ ရာဂ၊ ဒေါသ၊ မောဟ အပြည့်ရှိတဲ့ မာရ်နတ်တောင် ဒီလောက်တင့်တယ်တယ်၊ ရာဂ ဒေါသ မောဟ အခါခပ်သိမ်း ကင်းငြိမ်းတော်မူတဲ့ ဘုရားရှင်သာဆို ဘယ်လောက်တောင် တင့်တယ်လိုက်လေမလဲ” ဟုအသင့်ကြံမိကာ၊ ဘုရားအာရုံ ဘုရားဂုဏ်ကို ဆင်ခြင်တော်မူလေရာ ပီတိတစ်ဖန် ဖြစ်လာပြန်လေသည်။ ထိုမှသည် လက္ခဏာရေးသုံးပါးကို နှလုံးသွင်းဆင်ခြင်ပြီး ဝိပဿနာ ရှုပွါးတော်မူလိုက်သောအခါ ရဟန္တာအဖြစ်ကို ဆိုက်ရောက်တော်မူလေသည်။


အတုယူဆင်ခြင်ဖွယ်ရာ

ဤနေရာတွင် စာရေးသူတို့ အနေဖြင့် အတုယူဆင်ခြင်စရာ များစွာပါရှိ၏။ စာရေးသူတို့ ဗုဒ္ဓဘာသာဝင် မြန်မာများအနေဖြင့် မာရ်နတ်ဟုဆိုလျှင် အလိုလိုပင် ရွံချင်ကြ၏။ မထေရ်မြတ်ကား ထိုသို့မဟုတ်၊ "မာရ်နတ်ဆိုတာ တန်ခိုးကြီးတဲ့သူဖြစ်ကြောင်း" မာရ်နတ်သဘောကျအောင် ချီးမွှမ်းတော်မူပြီးလျှင် ဘုရားပုံတော်ကို ဖန်ဆင်းပြစေနိုင်ခဲ့လေသည်။ နဂိုအခံအားဖြင့်ပင် အရဟံစသည့်ဂုဏ်တော်တို့အပေါ် ကြည်ညိုရင်းစွဲ ထုံမွှမ်းရင်းစွဲ ရှိသူဖြစ်သည့်အလျောက် မာရ်နတ်ဖန်ဆင်းပြသည့် ဘုရားအသွင်မှသည်၊ ရာဂဒေါသမောဟကင်းသည့် ဘုရားရှင့်ဂုဏ်တော်ဆီအထိ စိတ်ညွတ်မိပြန်လေရာ ဝမ်းမြောက်ခြင်းကြီးစွာ ဖြစ်ရပြန်လေသည်။ ထိုမှသည် နဂိုနှလုံးသွင်းမြဲဖြစ်သည့် ဝိပဿနာလက်နက်ဖြင့် ဉာဏ်စဉ်အဆင့်ဆင့်တက်အောင် ရှုမှတ်နိုင်ခဲ့ရကား လေးမဂ်လေးဖိုလ်မျက်မှောက်ပြုကာ ရဟန္တာအဖြစ်ကို ရောက်တော်မူခဲ့ရလေသည်။

မြေဇင်းရိပ်သာ၌ ဆုံခဲ့ဖူးသည့် ဒကာကြီးတစ်ယောက်ကလည်း ပြောပြဖူး၏။ “တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက မာရ်နတ်ဆိုရင် ဘုရားကို ကန့်လန့်တိုက်သူရယ်လို့ သိပ်မကြည်ဖြူကြဘူးဘုရား၊ တကယ်တော့ ယောဂီတွေအနေနဲ့က အဲသလို မဖြစ်သင့်ပါဘူး။ သူ့ဘာသာ ဘုရားကန့်လန့်တိုက်တာကတော့ သူ့အကုသိုလ်နဲ့သူပေါ့ဘုရား။ သတိပြုသင့်တာက နိမိတ်အလင်းနဲ့ တာဝတိံသာမှာရှိတဲ့ စူဠာမဏိစေတီတော်တို့ကို သွားဖူးတဲ့အခါမယ် သိကြားမင်းကြီးတို့လို တာဝတိံသာ နတ်တွေကိုသာမက မာရ်နတ်ကြီးကိုပါ မေတ္တာပို့ပြီးသွားရင် ပိုအဆင်ပြေတယ်ဘုရား။ တပည့်တော်တို့ သတိထားရမှာက အလေးအနက်ပြုမှုကို မကြိုက်သူရယ်လို့ လောကမှာ မရှိပါဘူးဘုရား” ဟု မာရ်နတ်နှင့်ပတ်သက်၍ အကြံပေးစကား ပြောကြားဖူးလေသည်။


ရှေးရိုးစဉ်လာ ကျင့်စဉ်မြတ်ကြီး

မထေရ်မြတ်နှင့် မာရ်နတ်အကြောင်း ပြန်ဆက်ပါမည်။ မထေရ်မြတ် ရဟန္တာဖြစ်သွားမည်ကို စိုးသဖြင့် အမျိုးမျိုးလာရောက်နှောင့်ယှက်ခဲ့သော်လည်း မိမိကြောင့်ပင် ကိလေသာကင်းစင်သွားသည့်အဖြစ်ကို သိသောအခါ “အရှင်ဘုရားက တပည့်တော်ကို လှည့်စားလိုက်တာပေါ့လေ” ဟု မာရ်နတ်က စကားနာထိုးလေသည်။ မထေရ်မြတ်က “မာရ်နတ်အိုကြီး၊ သင့်ကိုလှည့်စားလို့ ဘာအကျိုးရှိမတဲ့တုန်း” ဟုသာ စကားတုန့်ပြန်တော်မူလိုက်လေသည်။

ထိုပရိဝါအဋ္ဌကထာ၌ ယခုဖော်ပြခဲ့သော ဖုဿဒေဝမထေရ်မြတ်အကြောင်းအပြင်၊ တံမြက်လှည်းရာမှတဆင့် မဂ်ဖိုလ်အဆင့်ဆင့် ရင့်တော်မူခဲ့ကြသော အခြားမထေရ်မြတ်တို့ အကြောင်းတို့ကိုပါ တွေ့ရှိရပေသည်။ မှန်ပါသည်။ ရဟန်းတော်များ စေတီတော်ရင်ပြင် စသည်၌ တံမြက်လှည်းခြင်းသည် အခစားဖြင့် တံမြက်လှည်းသူများကဲ့သို့ တံမြက်လှည်းကာမတ္တမျှကားမဟုတ်။ ဘုရားရှင်ဂုဏ်တော်ကို နှလုံးသွင်းရင်း တံမြက်လှည်းတော်မူကြသည်သာ များလေသည်။ စင်စစ် တံမြက်လှည်းရာ၌သာမဟုတ်၊ အခြားသော ကျောင်းတိုက်ဝေယျာဝစ္စများကို လုပ်ကိုင်ဆောင်ရွက်သည့် အခါများတွင်လည်း ဘုရားရှင့်ဂုဏ်တော်ကို နှလုံးသွင်းရင်းသာ လုပ်ကိုင်ဆောင်ရွက်လေ့ ရှိတော်မူကြလေသည်။

မှန်ပါ၏။ နေ့ဘက်တွင် စာသင်-စာချ (ပရိယတ်ဝန်ကိုဆောင်)၊ စာသင်စာချရပ်နားချိန်တွင် ဂုဏ်တော်ပွါးရင်း သေနာသနဝတ် (ကျောင်းဝေယျာဝစ္စ)၊ စေတီယင်္ဂဏဝတ် (စေတီတော်ရင်ပြင်ကို တံမြက်လှည်းခြင်းစသည်)၊ ဗောဓိယင်္ဂဏဝတ် (ဗောဓိပင်ဝန်းကျင်၌ တံမြက်လှည်းခြင်းစသည်) ကိုပြု၊ ညအချိန်တွင် ကမ္မဋ္ဌာန်းအားထုတ် (ပဋိပတ်ဝန်ကိုဆောင်) ဟူသော လုပ်ငန်းရပ်သည် သာသနာ့ဝန်ထမ်း ရဟန်းသာမဏေမြတ်တို့၏ ရှေးရိုးစဉ်လာ ကျင့်စဉ်မြတ်ကြီးပင် ဖြစ်လေသည်။


ပန်းဆီမီးပူဇော်သည်

ပန်းဆီမီးပူဇော်ရန် ပြင်ဆင်နေသည့် ရဟန်းတော်တစ်ပါး

ညနေ (၃း၀၀) နာရီကျော်လောက်ဆိုလျှင် တံမြက်လှည်းခြင်းအမှု ပြီးဆုံးသွားလေ့ရှိပါသည်။ တံမြက်လှည်းပြီးလျှင် ခြေလက်ကိုဆေးကြောပြီး စေတီတော်ကို ပန်း၊ ဆီမီးကပ်လှူရန် ပြင်ဆင်ကြရပါသည်။ စေတီတော်ကို ပူဇော်ရန်အတွက် ပန်းများကို ရွာထဲမှ ဒကာတစ်ယောက်က နေ့စဉ်လာရောက်ပို့ဆောင်ပေးပါသည်။ ရွာထဲမှ ဒကာ/မများ နေ့စဉ် စုပေါင်းလှူဒါန်းကြသည့် သဘောဖြစ်ပါသည်။ စေတီတော်အား ပန်းကပ်လှူပူဇော်ပြီးလျှင်၊ ဆီမီးပူဇော်ရန်အတွက် ဆီမီးခွက်များအတွင်း မီးစာတပ်ခြင်း၊ ဆီဖြည့်ခြင်းကိစ္စ များကိုလည်း အရံသင့် ပြုလုပ်ထားကြရပါသည်။ ညဘက်ရောက်လျှင် မီးညှိထွန်း ပူဇော်လိုက်ရုံသာ ရှိပေပြီ။

ထိုကိစ္စများပြီးဆုံးလျှင် မိမိကျောင်းသင်္ခန်းသို့ပြန်၊ ရေချိုးခြင်းအမှုကိုပြုကြရလေသည်။ ထို့မှနောက် ညနေ (၄း၀၀) မှ (၆း၀၀) အတွင်း စုပေါင်း တရားအားထုတ်တော်မူကြလေသည်။


ဆက်လက်ဝေမျှပါဦးမည်
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)


No comments: