နံနက် (၈း၀၀) နာရီ
တိတိ၊ အုန်းမောင်းသံကြားရလျှင် စုပေါင်းတရားအားထုတ်ရာ နေရာရှိ တရားထိုင်ရာ၌
အသုံးပြုသော ခြင်ထောင်ငယ်ကလေးများကို ခေါက်သိမ်းပြီး၊ ဆွမ်းခံကြွရန်
ပြင်ဆင်ကြရလေသည်။ ပြင်ဆင်ရန်အချိန် (၅) မိနစ်ခန့်သာ ရတတ်သည်ဖြစ်ရာ၊
တရားအားမထုတ်မီ အစောကြီးကတည်းက သပိတ်ကို ရေဆေးပြီး ဆွမ်းစားကျောင်း၌
အရန်သင့် ပြင်ဆင်ထားခဲ့ကြရသည်။ ဆွမ်းကျောင်းသို့သွား၊ သင်္ကန်းရုံ၊
သပိတ်ကိုယ်စီလွယ်ပြီး ဆွမ်းကျောင်းရှေ့ရှိ မြေကွက်လပ်တွင် ဝါစဉ်အလိုက်
စီတန်း၍ ငြိမ်သက်စွာ ရပ်တန့်နေကြသည့် သံဃာတော်များကို ကြည့်ရသည်မှာ
အေးချမ်းလွန်းလှပါသည်။
မှန်ပါ၏၊ သံဃာတော်များ၏ သဘောမှာ သာမန်အခါထက် ဆွမ်းခံကြွရန်
ပြင်ဆင်ချိန်၊ ဆွမ်းခံကြွချိန်တို့တွင် ဒကာ-ဒကာမများအပေါ်
မေတ္တာပို့သခြင်းအမှု၊ ကာယိနြေ္ဒ၊ စက္ခုနြေ္ဒ စသည်တို့ကို
စောင့်ထိန်းခြင်းအမှုတို့ကို တိုးတက်၍ သတိထားလေ့ရှိတော်မူကြသည်သာ ဖြစ်လေသည်။
ထို့အပြင် တစ်နာရီ၊ တစ်နာရီခွဲဆိုသလို လောလောလတ်လတ် တရားအားထုတ်ခဲ့ကြရာမှ
ကြွလာတော်မူကြသည် ဖြစ်သည့်အလျောက် သမာဓိအရှိန်အဝါ အနည်းနှင့်
အများပါလာကြသည်နှင့်လည်း သက်ဆိုင်လိမ့်မည် ထင်ပါသည်။
ဆွမ်းခံကြွတော်မူကြခြင်း
၅ မိနစ်ခန့် စောင့်ဆိုင်းပြီး ဆရာတော်ကြွရောက်လာသည်နှင့်
ဆွမ်းလောင်းဓမ္မာရုံ ရှိရာသို့ စီတန်းကြွတော်မူ ကြပါသည်။
ဆွမ်းလောင်းဓမ္မာရုံသည် ဆွမ်းစားကျောင်းနှင့် မနီးမဝေး၊ ခြေလှမ်း ၆၅၀
ခန့်စာမျှ အကွာတွင် တည်ရှိသည်။ ထိုမျှအကွာအဝေး ရှိသည့်အပြင် သစ်ပင်
တောတောင်များကာဆီးထားသည် ဖြစ်ရကား ဆွမ်းလောင်းဓမ္မာရုံမှ စီမံသံများကို
သံဃာတော်များဘက်မှ ကြားသိရခြင်းမရှိပေ။
ဆွမ်းလောင်းဓမ္မာရုံ
(အရှင်မေတ္တေယျ၏ ပြောပြချက်အရ၊ ရွာထဲမှ ဒကာကြီး (၃) ဦးက ဓမ္မာရုံတွင်
ညအိပ်ညနေ နေလာပေးလေ့ရှိကြကြောင်း၊ အလှူ့ရှင်များအနေဖြင့် တစ်ဖွဲ့လျှင်
တစ်နှစ်တွင်မှ တစ်ရက် ဆွမ်းကပ်ကြရကြောင်း၊ (ဥပမာအားဖြင့်၊ ယခုနှစ်-၂၀၁၂၊
နိုဝင်ဘာ (၇) ရက်နေ့တွင် ဆွမ်းကပ်သောအဖွဲ့သည်၊ နောင်နှစ်- ၂၀၁၃၊ နိုဝင်ဘာ
(၇) ရက်နေ့တွင်မှ ဆွမ်းလောင်းလှူလှည့် ပြန်ကျမည်ဖြစ်ကြောင်း)၊ ဆွမ်းလှူသော
သူများအနေဖြင့် ဆွမ်းလောင်း ဓမ္မာရုံတွင် ညအိပ်လာရောက်ပြီး
စီမံချက်ပြုတ်ကပ်လှူကြခြင်းဖြစ်ကြောင်း၊ ဓမ္မာရုံသို့ ညစဉ်လာရောက်
စောင့်အိပ်သည့် ဒကာကြီး (၃)ဦးက အလှူရှင်များကို
ကူညီစောင့်ရှောက်ပေးကြကြောင်း သိရှိရပါသည်။)
ဆုပ္ပဋိပန္နော ဘဂဝတော ဆာဝက ဆံဃော
ဆွမ်းခံလမ်းမှ ဆွမ်းလောင်းဓမ္မာရုံလမ်းဘက်သို့ ချိုးကွေ့လိုက်သည်နှင့်
ဓမ္မာရုံအတွင်းဘက်ဆီမှ “ဆာဓု၊ ဆာဓု၊ ဆာဓု၊ ဆာာာာဓု” ဟူသော သာဓုခေါ်သံများ
စီစီညံညံ ထွက်ပေါ်လာလေသည်။ ထို့နောက်တွင်..
“ဆုပ္ပဋိပန္နော ဘဂဝတော ဆာဝက ဆံဃော
ဥဂျုပ္ပဋိပန္နော ဘဂဝတော ဆာဝက ဆံဃော..” စသည့် သံဃာ့ဂုဏ်တော်ကိုးပါးကို ဒေသသံနှင့် ရွတ်ဖတ်ပူဇော်သံများ ပီသညီညာစွာ ထွက်ပေါ်လာလေသည်။
ကြည်ညိုတတ်ကြပေစွ၊ ကြည်နူးဖွယ်ကောင်းလေစွ။
ဤနေရာ၌ ဗဟုသုတအလို့ငှါ သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊
သက္ကသံယုတ်၊ ဓဇဂ္ဂသုတ်တော်လာ သံဃာ့ဂုဏ်တော်ကိုးပါးကို ပါဠိတော်နှင့်
မြန်မာပြန်ကို ဖော်ပြလိုပါသည်။
၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
'မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏၊
(၂) ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့် မတ်သောအကျင့် ရှိတော်မူပါပေ၏၊
(၃) ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်သောအကျင့် ရှိတော်မူပါပေ၏၊
(၄) သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သောအကျင့် ရှိတော်မူပါပေ၏။
(*) ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ
ဧသ ဘဂဝတော သာဝကသံဃော
အစုံ အားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည်
(၅) အာဟုနေယျော၊
(အရပ်ဝေးမှ) ဆောင်ယူလာသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ခံရန် ထိုက်တန်တော်မူပါပေ၏၊
(၆) ပါဟုနေယျော၊
ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံတော်မူထိုက်ပါပေ၏၊
(၇) ဒက္ခိဏေယျော၊
တမလွန်အတွက် ရည်မျှော် လှူဒါန်းသော အလှူကို ခံတော်မူထိုက်ပါပေ၏၊
(၈) အဉ္ဇလိကရဏီယော၊
လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏၊
(၉) အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။
သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်ပါပေ၏။
(မှတ်ချက်။ ။ မြန်မာပြန်မှာ တိပိဋက ပါဠိတော်မြန်မာပြန်မူအတိုင်းဖြစ်ပါသည်။)
ဆွမ်းလောင်းဓမ္မာရုံအဝင်ဝတွင် ဒကာတစ်ဦးက ခြေဆေးရေလောင်းပေးပါသည်။
နောက်ဒကာတစ်ဦးက ခြေသုတ်ပေးပါသည်။ ထို့နောက်တွင်
ဆွမ်းစတင်လောင်းလှူကြလေသည်။
ဆွမ်းလောင်းလှူကြပုံကို ထင်မြင်အောင် ပြောရလျှင် မြန်မာပြည်က
ဖားအောက်တောရတွင် ဆွမ်းလောင်းလှူကြသည့် ပုံစံမျိုးဟုပင် ပြောရပါမည်။
စားပွဲခုံရှည်ကြီးများပေါ်တွင် ဆွမ်းအိုး နှစ်အိုး (ဆွမ်းဖြူတစ်အိုး၊
ဆွမ်းနီတစ်အိုး)၊ ခရမ်းသီး၊ ပဲ၊ အာလူး၊ မျောက်ဥ၊ ပီလောပီနံဥ၊ ပဲသီး၊ စသည့်
ဟင်းအိုးများ၊ ဒိန်ချဉ်ဗူး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ သရက်သီး၊
စပျစ်သီး၊ ရိုးရာမုန်းများ စသည့် အချိုပွဲဇလုံကြီးများကို စားပွဲပေါ်တွင်
ပြင်ဆင်ထားလေသည်။
ဆွမ်းလောင်းလှူသည့်နေရာ
သီးသန့်ပြုလုပ်ထားပုံရသည့် ဆွမ်းလောင်းပုံစံခွက်ကြီးဖြင့်
တစ်ကော်စာဆွမ်းသည် သံဃာတော်တစ်ပါးအတွက် ကောင်းစွာလောက်ငှပါသည်။
ထို့နောက်တွင် ကိုယ်လိုချင်သည့် ဆွမ်းဟင်းကိုတွေ့လျှင် အသာရပ်၍
အလှူခံခြင်း၊ မလိုချင်သည့်ဆွမ်းဟင်းရှေ့ကိုရောက်လျှင် သပိတ်ဖုံးကို
ပိတ်ထားခြင်း တို့ဖြင့် ဆွမ်းအလှူခံယူတော်မူကြလေသည်။ ဆွမ်း၊
ဆွမ်းဟောင်းများ အလှူခံပြီး၍ အချိုပွဲဘက်သို့အကူးတွင် ဒကာတစ်ယောက်က
သပိတ်နှင့်တိုင်းကာ ခပ်ဝိုင်းဝိုင်းညှပ်ထားသည့် ပလပ်စတစ်မိုးကာပြားတစ်စကို
ဆွမ်းဟင်းများပေါ်မှ ဖုံးအုပ်ပေးလေသည်။ ထို့နောက်တွင် ဒိန်ချဉ်ဗူး၊
ငှက်ပျောသီး စသော အချိုပွဲများကို ဆက်လက်လောင်းလှူကြလေသည်။
ဆွမ်းလောင်းဓမ္မာရုံ၏ ဝင်ပေါက်မှဝင်၍ ထွက်ပေါက်သို့ ထွက်မိလျှင်
ဆွမ်းလောင်းခြင်းကိစ္စ ပြီးဆုံးလေတော့သည်။
သာရဏီယဝတ် (သို့) အပြန်အလှန် ဆွမ်းလောင်းလှူကြခြင်း
ဆွမ်းစားကျောင်းသို့ ပြန်လည်ရောက်ရှိသောအခါ ဆွမ်းတော်တင်ရန်
ပြင်ဆင်ထားသော ဆွမ်းတော်ပွဲ၌ ဆရာတော်မှ စ၍ အစဉ်အတိုင်း
လောင်းလှူပူဇော်ကြပါသည်။ ဤနေရာတွင် ဆရာတော်ကို A ဟုသတ်မှတ်ပြီး၊
အစဉ်အတိုင်း B, C, D, E, F စသည်ဖြင့် သတ်မှတ်ပြီး ပြောဆိုရလျှင် ပို၍
နားရှင်းဖွယ်ရာ ရှိပါသည်။ ဆရာတော် (A) သည် ဆွမ်းတော်ပွဲ၌ လှူလိုသမျှ
လောင်းလှူပြီးလျှင် မနီးမဝေးတွင် သပိတ်ကိုပိုက်ကာ ရပ်စောင့်နေတော်မူသည်။
ရဟန်းတော် (B) သည် ဆွမ်းတော်ပွဲ၌ လောင်းလှူလိုသမျှ လောင်းလှူပြီးလျှင်
ဆရာတော် (A) ရှိရာသို့ သွားလေသည်။
ထို့နောက် ဆရာတော် (A) ၏ သပိတ်ထဲသို့ မိမိ၏သပိတ်ထဲမှ (ဆွမ်းဟင်းဖြင့်
ရောနှောနေသော) ဆွမ်းတစ်ဇွန်းကို လောင်းလှူလေသည်။ ဆရာတော် (A) ကလည်း
ထိုနည်းတူ၊ ရဟန်းတော် (B) အား ဆွမ်းတစ်ဇွန်း ပြန်လည်လောင်းလှူလေသည်။
ထို့နောက် ရဟန်းတော် (B) သည်လည်း ဆရာတော် (A) နည်းတူ မနီးမဝေး တစ်နေရာတွင်
ရပ်ကာ ကျန် ရဟန်းတော်များကို စောင့်ဆိုင်းတော်မူလေသည်။ ရဟန်းတော် (C)
သည်လည်း ဆွမ်းတော်ပွဲ၌ လောင်းလိုသမျှ လောင်းလှူပြီးလျှင် ဆရာတော် (A)
ထံသို့လည်းကောင်း၊ ရဟန်းတော် (B) ထံသို့ သွား၍လည်းကောင်း အပြန်အလှန်
ဆွမ်းလောင်းလှူပြီးလျှင် မနီးမဝေးတစ်နေရာ၌ရပ်ကာ ကျန်သော သံဃာတော်များကို
စောင့်ဆိုင်းလောင်းလှူတော်မူလေသည်။ ဤကား ထိုတောရ၌ ကြုံတွေ့ခဲ့ရသော
ထူးခြားသည့် သာရဏီယကျင့်ဝတ်ပင် ဖြစ်လေသည်။
စာပေလာ သာရဏီယကျင့်ဝတ်
အင်္ဂုတ္တရပါဠိတော်၊ ဆက္ကနိပါတ်၊ သာရဏီယဝဂ်၊ ဒုတိယသာရဏီသုတ်၌ “ ရဟန်းတို့၊
(သီတင်းသုံးဖော်တို့၏) ချစ်ခင်မြတ်နိုးခြင်း၊ လေးစားခြင်းကို
ပြုတတ်ကုန်သော သာရဏီယတရား ခြောက်မျိုးတို့သည် (အချင်းချင်း)
သင်္ဂြိုဟ်ထောက်ပံ့ရန်၊ မငြင်းခုံရန်၊ ညီညွတ်ရန်၊ တစ်ပေါင်းတည်းဖြစ်ရန်
ဖြစ်ကုန်၏” ဟု မိန့်တော်မူပြီးလျှင် အောက်ပါ သာရဏီယဝတ် ခြောက်ပါးကို
ဘုရားမြတ်စွာ ဟောကြားတော်မူလေသည်။ ၎င်းတို့မှာ..
၁။ သီတင်းသုံးဖော်တို့အပေါ် မျက်မှောက်မျက်ကွယ် ကာယကံမေတ္တာထားရခြင်း၊
၂။ သီတင်းသုံးဖော်တို့အပေါ် မျက်မှောက်မျက်ကွယ် ဝစီကံမေတ္တာထားရခြင်း၊
၃။ သီတင်းသုံးဖော်တို့အပေါ် မျက်မှောက်မျက်ကွယ် မနောကံမေတ္တာထားရခြင်း၊
၎။ တရားတော်နှင့်အညီရအပ်သော မိမိ၏ လာဘ်လာဘများကို၊ ယုတ်စွအဆုံး
မိမိရအပ်သော ဆွမ်းကိုပင် သီလရှိသော သီတင်းသုံးဖော်များနှင့် မခွဲခြားပဲ
သုံးဆောင်မှု ပြုရခြင်း၊
၅။ သီတင်းသုံးဖော်များနှင့် မျက်မှောက်မျက်ကွယ် ဖြူစင်သောသီလ တူမျှရခြင်း၊
၆။ သီတင်းသုံးဖော်များနှင့် မျက်မှောက်မျက်ကွယ် အယူအဆတူမျှရခြင်း.. တို့ ဖြစ်လေသည်။
ထိုခြောက်မျိုးတွင် အမှတ် ၁၊ ၂၊ ၃ တို့ဖြင့် သာရဏီယဝတ်ကို
ကျင့်မည့်သူသည် ကံသုံးပါးလုံးတွင် မေတ္တာဓာတ်ကို ရှေ့သွားပြု၍
ကျင့်ဆောင်ရမည်ဖြစ်ကြောင်း ညွှန်ပြတော်မူသည်။ အမှတ် (၄) ဖြင့် သာရဏီယဝတ်ကို
ကျင့်မည့်သူသည် ဆွမ်းစသော မိမိရရှိအပ်သည့် လာဘ်လာဘအပေါ်၌ မပေးရက်လို
ဝန်တိုသည့် မစ္ဆရိယတရားကို ပါယ်ရှားနိုင်သူ ဖြစ်ရမည် ဖြစ်ကြောင်းနှင့်၊
သီတင်းသုံးဖော်များနှင့် ခွဲဝေပြီးမှသာ သုံးဆောင်ရမည်ဖြစ်ကြောင်း
ညွှန်ပြတော်မူသည်။ အမှတ် ၅၊ ၆ တို့ဖြင့် သီတင်းသုံးဖော် ရဟန်းတော်များနှင့်
သီလ၊ အယူ မကွဲပြား၊ တသားတည်းရှိသူဖြစ်ရမည်ဖြစ်ကြောင်း ညွှန်ပြတော်မူလေသည်။
ဤတွင် နံပါတ် (၄) အကြောင်းကို အနည်းငယ် ချဲ့ပါဦးမည်။ သာရဏီဝတ်ကို
ကျင့်သောရဟန်းသည် ဆွမ်းစသည်ကို ခံယူကတည်းက သံဃာတော်များနှင့်အတူ
သုံးစွဲမည်ဟူသော စိတ်ထားဖြင့် ခံယူရလေသည်။ မိမိရလာသောဆွမ်းကို အတူနေ
သံဃာတော်များကို မထေရ်ကြီးမှသည် နောက်ဆုံး မထေရ်အငယ်ဆုံးအထိ
ကြီးစဉ်ငယ်လိုက် ပုဂ္ဂိုလ်စေ့အောင် ပေးလှူရသည်။ ပေးလှူရာ၌လည်း စတိသဘောမျိုး
ပေးလှူရသည်မဟုတ်၊ ထိုသံဃာတော်များ အလိုရှိသလောက် ကြည်ဖြူစွာ ပေးလှူရသည်။
ကိုယ့်အတွက် မကျန်လျှင် အချိန်ရှိသေးက တဖန်ပြန်၍ ဆွမ်းခံထွက်၊ ရှေးနည်းအတူ
မထေရ်ကြီးကစပြီး အပါးစေ့အောင် ထပ်၍လှူ၊ သံဃာတော်များ မယူတော့ပဲ
ကျန်သောဆွမ်းကိုမှ မိမိက ဘုဉ်းပေးရလေသည်။
သာရဏီယဝတ် ဖြည့်ကျင့်ရကျိုး
ဤကျင့်ဝတ်ကို (၁၂) နှစ်တိုင်တိုင် ကျင့်လျှင် သာရဏီယကျင့်ဝတ်အောင်သည်ဟု
ဆိုပါသည်။ (၁၂) နှစ် ပြည့်ခါနီး၊ ဆွမ်းသပိတ်ကို ဆွမ်းကျောင်း၌ထားခဲ့ပြီး
ရေချိုးသွားနေခိုက်တွင် သံဃာတော်များက သာရဏီယကျင့်ဝတ်ကို
ကျင့်နေသူ၏သပိတ်မှန်းသိ၍ အကုန်လုံးကို ခွဲဝေစားပစ်လိုက်ကြသော်လည်း
“ငါ့ဆွမ်းတွေကို အကုန်စားပစ်ရက်ကြသည်၊ ငါ့အတွက်မှ ချန်မထားကြ” ဟု
စိတ်မကွက်ရ၊ “လာဘာ ဝတ မေ၊ သုလဒ္ဓံ ဝတ မေ၊ ယဿ မေ ပတ္တာဂတံ အနာပုစ္ဆာဝ သဗြဟ္မစာရီ
ပရိဘုဉ္ဇန္တိ- ငါ့သီတင်းသုံးဖော်များ ငါ့ကို မပြောဆို မပန်ကြားပဲတောင်မှ
ဘုဉ်းပေးချီးမြှောက်တော်မူကြရှာတယ်၊ အရတော်လိုက်တာ၊ အရထူးလိုက်တာ” စသဖြင့်
ဝမ်းသာနိုင်ရမည်။ အကယ်၍ စိတ်ကွက်မိလိုက်လျှင် စိတ်ကွက်လိုက်သည်နှင့်
သာရဏီယဝတ်ပျက်တော့သည်။ ပြန်ကျင့်လိုလျှင် အစကစ၍ ၁၂-နှစ်တိုင်တိုင်
ပြန်ကျင့်ရသည် ဟု မဇ္ဈိမနိကာယ်၊ ကောသမ္ဗိယသုတ်အဖွင့်တွင် ပြဆိုထားပါသည်။
ထိုသို့ ၁၂ နှစ်တိုင်တိုင် သာရဏီယဝတ်ကို ဖြည့်ကျင့်၍ အောင်မြင်တော်မူလျှင် ထိုရဟန်းမြတ်သည်..
(၁)။ လူအများက ဣဿာ၊ မစ္ဆရိယမရှိပဲ ချစ်ခင်ကြည်ညိုကြခြင်း (ဧဝံ ပူရိတ သာရဏီယဓမ္မဿ ပန နေဝ ဣဿာ၊ နမစ္ဆရိယံ ဟောတိ၊ သော မနုဿာနံ ပိယော ဟောတိ)
(၂)။ ပစ္စည်းလာဘ်လာဘ ကောင်းစွာ ရလွယ်ခြင်း (သုလဘ ပစ္စယော)
(၃)။ သပိတ်၌ရှိသော ဆွမ်းကိုပင် ပေးလှူ၍ မကုန်နိုင်ခြင်း၊ (ပတ္တဂတမဿ ဒီဃမာနမ္ပိ န ခီယတိ)
(၄)။ (မဲနှိုက်ခြင်းစသည့်) ပစ္စည်းခွဲဝေလှူဒါန်းရာများတွင် အကောင်းဆုံးပစ္စည်းကို ရရှိခြင်း၊ (ဘာဇနီယဘဏ္ဍဌာနေ အဂ္ဂဘဏ္ဍံ လဘတိ)
(၅)။ တိုင်းပြည်ပျက်၊ အငတ်ဘေးဆိုက် စသည့်ဘေးဒုက္ခများနှင့် ကြုံရသော်
နတ်များက ကြောင့်ကြစိုက် ကူညီပေးကြခြင်း (ဘယေဝါ ဆာတကေဝါ သမ္ပတ္တေ ဒေဝတာ
ဥဿုက္ကံ အာပဇ္ဇန္တိ).....ဟူသော မျက်မှောက်ဘဝ၌ ရနိုင်သော ကောင်းကျိုး ငါးမျိုး
ကိုလည်း ၎င်းသုတ်အဖွင့်၌ပင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
တမလွန်ဘဝတွင်လည်း အလှူလုပ်သူသည် အလှူမလုပ်သူထက် သာလွန်၍ ရရှိအပ်သော..
(၁) အသက်ပိုရှည်ခြင်း
(၂) ရုပ်ရည်အဆင်းပိုလှခြင်း
(၃) ချမ်းသာပိုကြီးခြင်း
(၄) အခြံအရံ (အကျော်အစော) ပိုများခြင်း
(၅) အစိုးတရပိုရှိခြင်း.. ဟူသည့် အကျိုးထူး (၅) မျိုးကို
ရရှိနိုင်ကြောင်း အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ်ပါဠိတော်၊ သုမနသုတ္တန်ကို ထောက်ဆ၍
သိရှိနိုင်ကြလေသည်။
သီတင်းသုံးဖော်ကောင်း ရှိဖို့လိုပါသည်
ဤသို့ ကျေးဇူးများလှသော ကျင့်ဝတ်ကို ဖြည့်ကျင့်လိုကြသူများအနေဖြင့်
လျောက်ပတ်သော သီတင်းသုံးဖော်များကို ရရှိရန် အလွန်အရေးကြီးသည်ဟု
ယူဆမိပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ အဋ္ဌကထာဆရာပေးထားသည့် မှတ်ချက်စကားမှာလည်း
စိတ်ဝင်စားဖွယ် ကောင်းလွန်းလှပါသည်။ အဋ္ဌကထာဆရာ၏ မှတ်ချက်မှာ..
“အယံ ပန သာရဏီယဓမ္မော သုသိက္ခိတာယ ပရိသာယ သုပူရော ဟောတိ၊ နော အသိက္ခိတာယ
ပရိသာယ- ဤသာရဏီယကျင့်ဝတ်ကို ကောင်းစွာသင်ထားအပ်ပြီးသော (အသိဉာဏ်ရှိ၍
ယဉ်ကျေးသော) ပရိတ်သတ်ထံတွင် ကောင်းစွာဖြည့်ကျင့် အောင်မြင်နိုင်၏၊
မသင်မကြား မလိမ္မာသော ပရိတ်သတ်ထံ၌ ဖြည့်ကျင့်အောင်မြင်ရန်ကား မဖြစ်နိုင်။
သုသိက္ခိတာယ ဟိ ပရိသာယ ယော အညတော လဘတိ၊ သော န ဂဏှာတိ၊ အညတော အလဘန္တောပိ
ပမာဏယုတ္တမေဝ ဂဏှာတိ၊ န အတိရေကံ- ကောင်းစွာသင်ထားအပ်ပြီးသော (အသိဉာဏ်ရှိ၍
ယဉ်ကျေးသော) ပရိသတ်သည် အခြားတစ်နေရာက (ဆွမ်းစသည်ကို) ရထားပြီးဖြစ်လျှင်၊
(ကျင့်ဝတ်ဖြည့်ကျင့်နေသူထံမှ) မခံယူတော့ပေ၊ အခြားတစ်နေရာက
မရသေးလျှင်တောင်မှ အတိုင်းအတာကိုကြည့်၍သာ အလှူခံ၏၊ အပိုအမို လက်မခံပေ။”..
ဟူ၏။ ပဋ္ဌာန်းပါဠိတော်ဟောတော်မူသော "ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော"
ဟူသည်လည်း ဤသဘောမျိုးကိုပင် ရည်ညွှန်းသည် မဟုတ်ပါလော။
ယခု တောရကျောင်း၌ ဖြည့်ကျင့်နေကြသည်မှာ စာပေလာသာရဏီယကျင့်ဝတ်မျိုးနှင့်
တစ်စိတ်တစ်ဒေသ အားဖြင့် တူညီနေသည်ဟု ဆိုနိုင်ခွင့် ရှိမည် ထင်ပါသည်။
တောကျောင်းနေ မိတ်ဆွေ ရဟန်းတော်များကိုယ်တိုင်ကလည်း ယခုကဲ့သို့ အပြန်အလှန်
ဆွမ်းလောင်းလှူကြခြင်းကို “သာရဏီယဝတ္တ” ဟုပင် ပြောဆိုသုံးနှုန်းကြပါသည်။
သူတို့ထဲတွင် ၁၂ နှစ်တိုင်အောင် ကျင့်သုံးနိုင်ပြီးသူ၊
ကျင့်သုံးနိုင်မည့်သူ ရှိ- မရှိကို အသာထား၊ လောလောဆယ် ရရှိလိုက်ကြသော
အကျိုးအမြတ်များကား မနည်းလှဟု ဆိုနိုင်လေသည်။
မှန်ပါ၏။ ထိုရဟန်းတော်များအနေဖြင့် ယခုကဲ့သို့ သူ့ဆွမ်း ကိုယ့်ဆွမ်း
အပြန်အလှန် လောင်းလှူကြခြင်းဖြင့် အချင်းချင်း စည်းလုံးမှု ချစ်ခင်မှုတို့
တိုးပွါးကြရသည်သာ ဖြစ်ပါ၏။ တစ်နေ့လုံး နေ၍၊ တစ်ခါသော်မှ မျက်နှာချင်း
မဆိုင်မိနိုင်စရာလည်း မရှိနိုင်တော့။ မိမိ၏ သပိတ်ထဲမှ ဆွမ်းကို
ဇွန်းကလေးဖြင့်ကော်ရင်း “အရှင်မြတ်သည် ငါလှူဒါန်းသောဆွမ်းကို ဘုဉ်းပေးပြီး
ပရိယတ်- ပဋိပတ် အလုပ်များကို ချမ်းသာစွာ အားထုတ်နိုင်ပါစေ” ဟူ၍
တစ်ပါးချင်းစီကို မေတ္တာပို့ရင်း ဆွမ်းလောင်းလှူခွင့် ရကြသည်မှာ
ကြီးမြတ်သောကောင်းမှုပင်မဟုတ်ပါလော။
ဆွမ်းတော်တင်ခြင်း၊ ဆွမ်းစားခြင်း
ထိုသို့ အပြန်အလှန် ဆွမ်းလောင်းလှူကြပြီးသည့်နောက်တွင် ဘုရားရှင်အား
ဆွမ်းတော်ကပ်လှူပူဇော်ကြလေသည်။ ဆွမ်းတော်ကပ်လှူပူဇော်သည့် ဂါထာများ၊
ဘုရားရှိခိုးများ၊ ပရိတ်ကြီးပါဠိတော်များ၊ မေတ္တာပို့ပါဠိများကို လေးဆယ့်
ငါးမိနစ်ခန့်ရွတ်ဖတ်ပူဇော် အမျှဝေပြီးလျှင် ဗုဒ္ဓပူဇာ၊ ဗုဒ္ဓဝန္ဒနာ
လုပ်ငန်းစဉ် ပြီးဆုံးလေသည်။
ထို့မှနောက် နေ့လည် (၁၂း၀၀) နာရီ မထိုးမချင်း မိမိဘုဉ်းပေးလိုသော
အချိန်တွင် မိမိ၏ သပိတ်မှ ဆွမ်းကို သပ္ပါယမျှတသည်အထိ အေးအေးသက်သာ
ဘုဉ်းပေးတော်မူနိုင်ကြလေသည်။
ဆက်လက်ဝေမျှပါဦးမည်။
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
No comments:
Post a Comment