လိုက်ပို့သူ ဆရာတော် ဦးဇောတိက ပြန်ကြွသွားပြီးနောက်
ဦးဇင်းလေးတစ်ပါးက ကျောင်းတိုက်၏ အချိန်ဇယားများကို
အကြမ်းဖျင်းပြောပြသဖြင့် လိုက်ရေးမှတ်ထားရလေသည်။
(၁) နံနက် (၅း၃၀) မှ (၆း၃၀) နာရီ အထိ သန့်ရှင်းရေး..။
(၂) နံနက် (၆း၃၀) မှ (၈း၀၀) အထိ တရားအားထုတ်…။
(၃) နံနက် (၈း၀၀) ဆွမ်းခံကြွ..။
(၄) ဆွမ်းခံကြွရာမှ ပြန်လာလျှင် ဆွမ်းတော်ကပ်၊ ဘုရားရှိခိုး (ဗုဒ္ဓပူဇာ၊ ဗုဒ္ဓဝန္ဒနာ)..။
(၅) နေ့လည် (၂း၀၀) မှ (၄း၀၀) အထိ သန့်ရှင်းရေး..။
(၆) ညနေ (၄း၀၀) မှ (၆း၀၀) အထိ တရားအားထုတ်..။
အရိုးအိုးစေတီလေးတစ်ဆူ
ဤနေရာတွင် ထိုတောရ၏ တရားအားထုတ်ချိန်နှင့် တရားအားထုတ်သည့် စနစ်တို့ကို
တပါတည်း ဖော်ပြရပါဦးမည်။ အပေါ်စာရင်းပါ တရားအားထုတ်ချိန် (၂) ချိန်သည်
စုပေါင်းတရားအားထုတ်ရန် အချိန်ကို ညွှန်းဆိုခြင်းသာဖြစ်ပြီး
အခြားအချိန်များတွင်မူ မိမိနေရာကျောင်းသင်္ခန်း၌ အဆင်ပြေသလို အားထုတ်ကြရန်
ဖြစ်လေသည်။ စုပေါင်း အားထုတ်ချိန် (၂) ချိန်တွင် မနက်ပိုင်း အချိန်၌
တစ်နာရီခွဲ၊ ညနေပိုင်း၌ နှစ်နာရီ သတ်မှတ်ထားသော်လည်း နာရီဝက်၊
လေးဆယ့်ငါးမိနစ်၊ တစ်နာရီ၊ တစ်နာရီခွဲ၊ နှစ်နာရီ စသဖြင့် မိမိသပ္ပါယဖြစ်သလို
အားထုတ်နိုင်ကြပါသည်။
တရားအားထုတ်သည့်စနစ်ကိုမူ စာရေးသူအား ဘယ်သို့ဘယ်ပုံ အားထုတ်ပါဟု
သူတို့ကလည်း မညွှန်ကြား၊ မိမိကလည်း မမေးခဲ့မိသဖြင့် အတိအကျ
မပြောနိုင်အောင်ဖြစ်ရပါသည်။ သို့ရာတွင် ကျောင်းထိုင် ဆရာတော်သည်လည်းကောင်း၊
လက်ထောက်ဆရာတော်သည်လည်းကောင်း မြန်မာပြည်၊ မော်လမြိုင်မြို့၊
ဖားအောက်တောရသို့ကြွရောက်၍ နည်းခံအားထုတ် ဖူးကြသည်ဟု ဆိုသောကြောင့်
သမထပုဗ္ဗင်္ဂမ ဝိပဿနာယာနိက ကျင့်စဉ်တစ်မျိုးမျိုး ဖြစ်ရမည်ဟုကား
စဉ်းစားမိခဲ့ပါသည်။
ဂိလာနဘတ္တ
တရားအားထုတ်ရာနေရာမှ ဆင်းလာလျှင် ဆွမ်းစားကျောင်းရှေ့၌
ကိုရင်ကြီးတစ်ပါးနှင့်ဆုံလေသည်။ ထိုကိုရင်ကြီးက “ဘန္တေ၊ ဂိလာ ဘတ်ဆ”
ဟုဆိုပြီး တစ်ခုခုသောက်ရန် အမူအယာပြသဖြင့် ဆွမ်းကျောင်းထဲသို့
လိုက်သွားဖြစ်လေသည်။ ဆွမ်းကျောင်းထဲရောက်လျှင် “အရှင်ဘုရား အနေဖြင့်
နေ့ဆွမ်းလည်း မစားလိုက်ရသဖြင့် အသီးအနှံအဖျော်တစ်ခုခု သောက်သုံးသင့်ပါသည်၊
ငှက်ပျောသီးဖျော်ရည် လည်းရနိုင်ပါသည်” ဟု အကြံပေးသဖြင့် “ငှက်ပျောသီး
ဖျော်ရည်” ဆိုလျှင် အဆင်ပြေပါသည်ဟု ပြောလိုက်ရသည်။ ခနကြာလျှင်
မုန့်ဟင်းခါးစားသည့် ပုဂံလုံးမျိုးဖြင့်
ငှက်ပျောသီးဖျော်ရည်မွှေးမွှေးတစ်ခွက် ရောက်ရှိလာလေသည်။
ဤနေရာတွင် ဗဟုသုတအဖြစ် ရဟန်းသာမဏေ၊ သီလရှင်၊ ဥပုသ်သည်များ
ညနေသောက်သုံးနိုင်သည့် အဖျော်များကို ဖော်ပြရပါလိမ့်ဦးမည်။ ဝိနည်း
မဟာဝါပါဠိတော်၊ ဘေသဇ္ဇက္ခန္ဓက၊ ကေဏိယရသေ့ဝတ္ထုတွင် ရဟန်းတော်များ ညနေ
သုံးဆောင်ကောင်းသည့် အောက်ပါ အဖျော် (၈) မျိုးကို ဘုရားမြတ်စွာ
ခွင့်ပြုတော်မူခဲ့လေသည်။ ၎င်းတို့မှာ..
(၁)သပြေသီးအဖျော်
(၂)သရက်သီးအဖျော်
(၃)မုဒရက်သီးအဖျော်
(၄)ဖက်သက်သီးအဖျော်
(၅)သစ်မည်စည်သီးအဖျော်
(၆)တောငှက်ပျောသီးအဖျော်
(၇)အိမ်ငှက်ပျောသီး အဖျော်
(၈) ကြာစွယ်အဖျော်.. တို့ ဖြစ်လေသည်။
၎င်းဖျော်ရည် (၈)မျိုးကို....
“သပြေ, သရက်၊ မုဒရက်၊ ဖက်သက် သစ်မည်စည်။
တော, အိမ်, ငှက်ပျော၊ ကြာစွယ်နှော၊ မှတ်လောရှစ်ဖျော်ရည်..။” ဟု
ရှေးဆရာတော်ကြီးများ လင်္ကာစီကုံးပေးတော်မူခဲ့ကြလေသည်။ ထို့ပြင်တဝ အဋ္ဌကထာများက
ဖွင့်ပြသော သုံးနိုင်ကောင်းသည့် အဖျော်များကိုပါ အောက်ပါလင်္ကာဖြင့်
မှတ်သားနိုင်ကြမည် ဖြစ်ပါသည်။
“ရှောက်,မန်ကျည်းစ၊ နုလောမ၊ လျော်လှ အဖျော်ရည်။
ဆီး, သံပုရာ၊ ဥသျှစ်ပါ၊ ဖျော်ကာ သုံးနိုင်သည်။”
စင်စစ် တောရကျောင်းရှိ ဦးဇင်း ကိုရင်များသည် ဧည့်သည်အပေါ်၌
အလွန်ဧည့်ဝတ်ကျေတော်မူကြလေသည်။ နေ့လည် (၁၂) နာရီနောက်ပိုင်း
ဆွမ်းစားကျောင်းနားက ဖြတ်သွားလိုက်မိသည်နှင့် “ဘန္တေ၊ ဂိလာဘတ်ဆ” ဟု တရိုတသေ
လိုက်လိုက် မေးတတ်ကြသည်သာဖြစ်လေသည်။ ပါဠိလို “ဂိလာနဘတ္တ”၊ သူတို့၏
အသံထွက်အလို “ဂိလာဘတ်ဆ” ဆိုသည်မှာ တိုက်ရိုက်အားဖြင့် “လူနာအားပေးလှူအပ်သော
ထမင်း” ဟု မြန်မာဘာသာ ပြန်ဆိုရမည် ဖြစ်သော်လည်း၊ ယခု တောရကျောင်း၌
ရည်ညွှန်း သုံးစွဲနေကြသည်မှာကား နေမွန်းလွဲသွားသော်လည်း ရဟန်းတော်များ
သုံးဆောင်ခွင့် ရှိသည့် ဖျော်ရည်များကို ရည်ညွှန်းသုံးစွဲနေကြခြင်းသာ
ဖြစ်လေသည်။ ထိုနေ့က ငှက်ပျောသီးဖျော်ရည် အတော်ကောင်းပါသည်။
ဆရာတော်ကို ဖူးမျှော်ခြင်း
ညနေ (၇း၀၀) ခန့်လောက်တွင် ‘သာရဒမုနိ’ ဟုခေါ်သော ရဟန်းတော်လေးတစ်ပါးက
‘ဆရာတော်ထံ သွားလိုလျှင် လိုက်ပို့ပါမည်’ ဟု ယဉ်ကျေးစွာ
လာရောက်ခေါ်ဆောင်လေသည်။ ဓာတ်မီးတစ်ပါးတစ်လက်စီဖြင့် ကွန်ကရစ်လမ်းကလေးအတိုင်း
တက်ခဲ့ကြပြီးနောက် ဆရာတော့်ကျောင်းဆောင်သို့ ရောက်ရှိကြလေသည်။ ဆရာတော်ကား
သက်တော် (၆၀) ကျော်ကျော်ကလေးလောက် ရှိမည်ဟု ထင်ရ၏။ စာရေးသူက မိမိအမည်ကို
လျှောက်ထားပြီး ရှိခိုးဦးချလိုက်လေလျှင်၊ ‘ဘယ်နိုင်ငံကလာတာလဲ’ ဟု
မေးမြန်းလေသည်။ မြန်မာနိုင်ငံက ဖြစ်ပါကြောင်း လျှောက်ထားလိုက်သောအခါ
‘သူလည်း မြန်မာပြည်၊ မော်လမြိုင်မြို့၊ ဖားအောက်ရိပ်သာမှာ
တရားအားထုတ်ဖူးကြောင်း’ မိန့်ကြားတော်မူလေသည်။
ဆရာတော်နှင့်အမှတ်တရ
‘သီရိလင်္ကာမှာ ဘယ်နှစ်နှစ် ရှိပြီလဲ၊ ဘယ်အတန်းတွေ တက်နေသလဲ’ စသော
မေးခွန်းများကို စကားပြန် အရှင်သာရဒမုနိ၏ အကူအညီဖြင့်
မေးမြန်းဖြေဆိုကြပြီးနောက်၊ ဆရာတော်က ‘သူ့ကျောင်းမှာ ပျော်သလောက် နေပါ၊
လိုအပ်တာများကို ပြောပါ’ဟု ပြုံးပြုံးရွှင်ရွှင် မိန့်ကြားတော်မူလေသည်။
ဆရာတော်၏ စကားရိပ် အငွေ့အသက်များ၌ မြန်မာပြည်နှင့် ရင်းနှီးကျွမ်းဝင်နေဟန်၊
မြန်မာပြည်မှ ရဟန်းသာမဏေများကို လေးစားအားရဟန်များကို
အထင်းသားတွေ့မြင်ရလေသည်။ ထိုစကားမှန်ပါ၏။ ဘာသန္တရစာပေအားနည်းမှု၊
ခေတ်ပညာရှင်များ၏ ဗုဒ္ဓစာပေစသော ဘာသာရေးစာပေများအပေါ်
ချည်းကပ်မှုနည်းစနစ်များနှင့် မရင်းနှီးမကျွမ်းဝင်မှုတို့ကြောင့်သာ ယခုလို
သူများနိုင်ငံတွင် ပညာလာသင်နေကြရ သော်လည်း၊ မျက်မှောက်ခေတ်ပရိယတ်
ပဋိပတ်အရာနှင့် ပတ်သက်လာလျှင် မြန်မာပြည်မှရဟန်းသာမဏေများကို တစ်ကမ္ဘာလုံးက
လေးစားကြသည်သာဖြစ်လေသည်။
ခဏကြာလျှင် ဆရာတော်ကို ဦးချ၍ ပြန်လာခဲ့ကြ၏။ အပြန်လမ်းတွင် “အလိုရှိပါက
မနက် (၅း၄၅) နာရီဆိုလျှင် ဆွမ်းကျောင်းသို့ကြွ၍ နေ့စဉ်
အရုဏ်ဘုဉ်းပေးနိုင်ပါကြောင်း၊ မနက်စာအဖြစ် လက္ဘက်ရည်၊ ကော်ဖီ၊ နွားနို့၊
ဘီစကစ်၊ ငှက်ပျောသီး၊ ပန်းသီး စသည်တို့ကို ရနိုင်ပါကြောင်း၊ ဤတောရရှိ
အချို့ရဟန်းများမှာ တစ်ထပ်သာဘုဉ်းပေးလေ့ရှိကြပါကြောင်း” အရှင်သာရဒမုနိက
လျှောက်ထားလေသည်။
တောရ၏ မနက်စောစော
မနက်စောစော (၅း၃၀) တိတိတွင် အုန်းမောင်းခေါက်သံ ချိုမြမြကိုကြားရလေသည်။
အုန်းမောင်းခေါက်သံနှင့် မရှေးမနှောင်းတွင် မျောက်ကြီးတစ်ကောင် အော်လေသည်။
မနက်စောစောကြားလိုက်ရသည့် မျောက်အော်သံ၊ ကျေးငှက်အော်သံ၊
ရှဥ့်အော်သံများတို့သည် တောရ၏ ရသကို ပြီးပြည့်စုံအောင်
ဖြည့်စွက်ပေးနေကြသယောင် ရှိလေသည်။ ငြိမ်းချမ်းလှပေစွ။
စုပေါင်းတရားအားထုတ်ရာနေရာ
နံနက် (၅း၄၅) တွင် ဆွမ်းကျောင်းသို့သွား၍ လက္ဘက်ရည်တစ်ခွက်နှင့်
ဘီစကစ်အနည်းငယ်ကို ဘုဉ်းပေးဖြစ်လေသည်။ ထို့နောက်တွင် တံမျက်စည်းကိုယ်စီဆွဲ၍
တံမျက်လှည်း ထွက်ကြလေသည်။ ကျောင်းဧရိယာမှာ အတော်ကျယ်ဝန်းသည့်အလျောက်
မနက်ပိုင်း ညနေပိုင်း နှစ်နေရာခွဲ၍ အမှိုက်လှည်းကြရသည်။ မနက်ပိုင်းတွင်
ဆွမ်းကျောင်းအနီးတစ်ဝိုက်နှင့် ဆွမ်းခံရာလမ်းတလျှောက်ကို
ဦးစားပေးလှည်းကျင်းကြသည်။ ညနေပိုင်းတွင်မူ စေတီတော်၊ ဗောဓိပင်နှင့်
ဘုရားကျောင်းဆောင်တော်ကြီးဘက်ကို ဦးစားပေးလေ့ ရှိကြပေသည်။
မနက်ပိုင်းတွင် တံမျက်လှည်းပြီးသည်နှင့် တရားအားထုတ်ရာနေရာသို့
သွားရောက်၍၊ ဆွမ်းခံမကြွမီ (၈း၀၀) နာရီထိုးသည်အထိ
တရားအားထုတ်တော်မူကြလေသည်။ဆက်လက်ဖော်ပြပါမည်။
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
No comments:
Post a Comment